စျေးကွက်မရှိသဖြင့် သိုးမွေးမြူရေးလုပ်ကိုင်သူ နည်းလာ

ပြည်တွင်း မွေးမြူရေးလုပ်ငန်းများတွင် သိုးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ နည်းလာကြောင်း မွေးမြူရေးလုပ်ကိုင်သူများထံမှသိရသည်။

သိုးမွေးမြူရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်မှာ ကြီးမြင့်မှုမရှိသော်လည်း လက်ရှိအသား စျေးကွက်တွင် သိုးသည် စျေးကွက်မရှိသဖြင့် မွေးမြူသည့်နူန်း တဖြေးဖြေး နည်းပါးလာခြင်းဖြစ်ဟုသိရသည်။

” သိုးမွေးရတာ ဆိတ်မွေးရသလိုပါပဲ အတူတူပဲ ၊ လွှတ်ကျောင်းစနစ်နဲ့လည်းမွေးကြတယ်၊စျေးကတော့ အသားစျေးနဲ့ ရောင်းရင်တမျိုး၊ ပြန်မွေးဖို့ မျိုးဝယ်တာဆို စျေးတမျိုးပေးရတယ်။စျေးကွက်ကတော့အရမ်းနည်းပါတယ်၊ ” ဟု ရန်ကုန်တိုင်းအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူတစ်ဦးမှပြောသည်။

သိုးကို အသားစျေးကွက်တွင်ရောင်းချရာတွင် ဆိတ်သား နှင့်အတူ ရောင်းချနေကြခြင်းဖြစ်ကြောင်း ၊ သိုးကို မွေးမြူမှုအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း ၊ရန်ကုန် နှင့် ဒေသအချို့တွင်သာ.တနိုင်တပိုင်သမားအချို့နှင့် မွေးမြူရေးခြံအချို့က မွေးမြူမှုရှိကြောင်းသိရသည်။

” သိုးက မွေးသူအရမ်းနည်းတယ်။သိုးသားဆိုပြီး ရောင်းတာ တောဘက် ရွာဘက်ပဲရှိတယ်၊မြို့စျေးကွက်ရောက်သွားရင်တော့ ဆိတ်သားအနေနဲ့ပဲ ရောင်းကြတာများတယ်၊ဒါ့ကြောင့်ပဲ သိုးမွေးသူ နည်းနေတာပေါ့၊မွေးသူနည်းပေမယ့်လည်း စျေးကွက်မရှိလို့ အသားစျေးက ဆိတ်သားနဲ့ အတူတူပါပဲ ” ဟု မိတ္တီလာ မှ မွေးမြူရေးလုပ်ကိုင်သူတစ်ဦးမှပြောပြသည်။

ရန်ကုန်အသားစျေးကွက်တွင် သိုးကို အကောင်ပြတ်ဝယ်ယူရာတွင် တစ်ပိဿာကို ၈၅၀၀ ကျပ် လောက်ရောင်းချရပြီး ပြန်လည် မွေးမြူရန်အတွက် ရောင်းချရာတွင် ၈ လအရွယ် မဒန်း ၊တစ်သားပေါက်ပြီးသည့် သိုးအမ စသဖြင့် သိုးပေါက်ဖွားနိုင်မှုအပေါ်မူတည်ပြီး ၈၀၀၀၀ မှ ၁ သိန်း ကျော်အထိရှိကြောင်း သိရသည်။

သိုး အမတစ်ကောင်သည် တစ်နှစ်ကို တစ်ကြိမ်သာ သားပေါက်လေ့ရှိပြီး အစားအစာအနေဖြင့် မြက် ၊ ဖွဲမှော် ၊နှမ်းမှော် ၊ပဲဖတ်၊ ဖွဲနု စသဖြင့် ကျွေးမွေးနိုင်ကာ နယ်ဒေသများမှ မွေးမြူသူများက လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *