ခရမ်းချဉ်သီးစျေး ဆက်တိုက်ကျဆင်းလာပြီး အရောင်းအဝယ်အေးနေ

ပြည်တွင်းကုန်စိမ်းစျေးကွက်တွင် ခရမ်းချဉ်သီးစျေးနူန်းများ ဆက်တိုက်ကျဆင်းလာနေသည့်အပြင် အရောင်းအဝယ်လည်းအေးသွားကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်ရေးလုပ်ကိုင်သူများနှင့်ပွဲရုံများထံမှသိရသည်။

လက်ရှိတွင် ခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ်သာမက ညောင်ဦး၊ကျောက်ပန်းတောင်း ၊မြင်းခြံ ၊စစ်ကိုင်း၊ပဲခူးတိုင်း စသဖြင့် ခရမ်းချဉ်စိုက်ပျိုးကြသည့်နေရာစုံမှ ခရမ်းချဉ်သီးများ ထွက်ရှိပြီး စျေးကွက်အတွင်းဝင်ရောက်မှုရှိနေသောကြောင့် စျေးနူန်းကျဆင်းနေသလို အရောင်းအဝယ်လည်းပါးနေခြင်းဖြစ်ဟုသိရသည်။

” ခရမ်းချဉ်စျေးတွေကတော့ ဆက်တိုက်ကျလာနေတယ်၊အရောင်းအဝယ်ကလည်းအရင်လောက်မကောင်းဘူး။အောင်ပန်းခရမ်းချဉ်သီးက အထားခံတော့ နည်းနည်း တော်သေးတာပေါ့။အပုတ်အနာ လွှင့်ပစ်ရတာ နည်းတယ်။ နယ်စုံက ခရမ်းချဉ်တွေပေါ်ကြတော့စျေးက ကျနေတာပါ၊ဒီတော့ ကျနော်တို့လည်း ရှမ်းပြည်ကနေ တခြားနယ်ကိုတင်ပို့မှုက အရင်ထက်လျော့သွားတယ်။အဓိကတော့ မော်လမြိုင်၊မြစ်ကြီးနား၊ရန်ကုန်၊မန်းလေး နယ်စုံကိုပို့ရတယ်။အခုကတော့ ပါးနေတယ် ” ဟု အောင်ပန်းမြို့မှ ခရမ်းချဉ်သီး ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုခမ်းထီမှပြောပြသည်။

သြဂုတ်လ တတိယပတ်လောက်ကတည်းကစပြီး ခရမ်းချဉ်သီးစျေးကျလာခြင်းဖြစ်ပြီး ယင်းကာလမတိုင်မှီက ခရမ်းချဉ်သီးတစ်ပိဿာကို ၁၈၀၀ ကျပ်၊၁၉၀၀ ကျပ်အထိရရှိခဲ့ကြောင်းသိရသည်။

လက်ရှိ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ် ကုန်စည်စျေးကွက်တွင်  ခရမ်းချဉ်ဂွတ်သီး(ကျင်းသီး)က တစ်ပိဿာ ကို ၁၂၀၀ ကျပ်၊ ခရမ်းချဉ် ရှယ်သီး(ကျင်းသီး)ကတစ်ပိဿာ ၁၁၀၀ ကျပ်၊ခရမ်းချဉ် လတ်ချောသီး(ကျင်းသီး)က တစ်ပိဿာ ၈၀၀ ကျပ် ၊ခရမ်းချဉ် အစိမ်းသီးအကြီးဆုံးဆိုဒ်(ကျင်းသီး)က ၁၁၀၀ ကျပ်၊ ခရမ်းချဉ် အစိမ်းသီးအလတ်ဆိုဒ်(ကျင်းသီး)၉၀၀ ကျပ် သာရှိတော့ကြောင်းသိရသည်။

ခရမ်းချဉ် သံယောင်/အရဲ အကြီး ကတစ်ပိဿာ ၇၀၀ ကျပ်၊ အလတ်ဆိုဒ်က တစ်ပိဿာ ၅၀၀ ကျပ် ၊ အသေးဆုံးဆိုဒ်ကတစ်ပိဿာ ၄၀၀ ကျပ်သာရှိကြောင်း၊ခရမ်းချဉ် အစိမ်းသီးအကြီးက တစ်ပိဿာ ၆၀၀ ကျပ်၊ အလတ်ဆိုဒ် ကတစ်ပိဿာ ၃၀၀ ကျပ်သာရှိကြောင်းသိရသည်။

အဆိုပါ ခရမ်းချဉ်စျေးနူန်းများသည် ပွဲရုံစျေးများသာ ဖြစ်ပြီး ခရမ်းချဉ်စျေးကွက်ကျဆင်းခြင်းကြောင့် ရှမ်းပြည်နယ်  ခရမ်းချဉ်စိုက်ပျိုးတောင်သူများ၏ ခြံစွတ်စျေးသည် တစ်ပိဿာကို အနိမ့်ဆုံး ၁၅၀ ကျပ်အထိ ကျဆင်းနေသဖြင့် အရှုံးပေါ်နေဟုသိရသည်။

” ထည့်ရတဲ့သွင်းအားစုစားရိတ်တွေအကုန်စျေးကြီးတွေပဲသုံးထားရပြီး သီးနှံစျေးကခုလိုထိုးကျနေတော့ အရင်းမရတဲ့အပြင် ရှုံးနေပါတယ်။မိုးကလည်းကျန်သေးတော့ အသီးတွေ ထိခိုက်မှာလည်းစိုးရတယ်။ ပွဲရုံစျေး ၁၁၀၀ ဆိုရင် ခြံသမားက ၁၀၀၀ အောက်ပဲရတယ်၊ စျေးကျလေ ပိုနည်းလေပဲ ၊ ပွဲရုံမှာ တစ်ပိဿာ  ၃၀၀ ရောက်တယ်ဆိုရင် ခြံစွတ်စျေးကစဥ်းစားကြည့်ပါဗျာ၊အလကားလိုလိုပေးနေရတာပေါ့ ” ဟု ရှမ်းပြည်နယ်မှ ခရမ်းချဥ် စိုက်တောင်သူတစ်ဦးမှပြောသည်။

ယခင်က ခရမ်းချဉ် စိုက်ပျိုးရာတွင်ကုန်ကျစရိတ်အနေဖြင့်တစ်ဧကကို ၅ သိန်းကျော်သာ ကုန်ကျမှုရှိပေမယ့် ယခုနှစ်တွင် မြေသြဇာစျေးနှုန်း၊ မျိုးစျေးနူန်းများအပါအဝင် စိုက်ပျိုးရေဆေးစျေးနူန်းများသည်  မြင့်တက်လာသော ကြောင့် ခရမ်းချဉ်သီး တစ်ဧကကို ၁၀ သိန်းကျပ်ဝန်းကျင်ကုန်ကျမှုရှိကြောင်းသိရသည်။

ကုန်စိမ်းသီးနှံ သဘောသဘာဝမှာ အပင်ကနေခူးစွတ်ပြီးသည့် ရက်ကြာလာသည်နှင့်အမျှ အပျက်အစီးဖြစ်ပွားကာ လွှင့်ပစ်ရသဖြင့် တည်ငြိမ်သည့် စျေးကွက်တစ်ခုရရှိရန်လိုအပ်နေကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *