ရန်ကုန်ဖရဲသီး စျေးကွက်ပျက်နေပြီး ကားအစီးပြတ်ဝယ်ယူသူမရှိဖြစ်နေ

ရန်ကုန် ဖရဲသီးစျေးကွက်ကို ဖရဲသီးကားတွေ အများအပြားဝင်ရောက်နေပေမယ့် မိုးကဆက်တိုက်ရွာပြီး အဝယ်မရှိတာကြောင့် စျေးကွက်ပျက်သလိုဖြစ်နေကြောင်း ဖရဲပွဲရုံများထံမှသိရသည်။

လက်ရှိ ရန်ကုန်စျေးကွက်တွက်  ဖရဲသီးကို ကားအစီးပြတ် သိန်း ၃၀ နူန်းဖြင့်အရှုံးခံလျှော့ချ ရောင်းချနေ သော်လည်း  ဝယ်ယူသူမရှိသည့်အတွက်  ဖရဲသီးတစ်လုံးချင်းစီစျေးနူန်းဖြင့် သာ ရောင်းချနေရကြောင်း သိရသည်။

ဖရဲသီးကို အပုံပြတ်စနစ်ဖြင့်ရောင်းချရာတွင်လည်း ဖရဲသီးအနေအထားပေါ်မူတည်ပြီးရောင်းချရသဖြင့်  ဝယ်သူပေးသည့်စျေးနူန်းဖြင့်သာ ရောင်းချနေရသဖြင့် အရှုံးနှင့်ရင်ဆိုင်နေရဟုသိရသည်။

” ကားပြတ်ကိုအဝယ်မရှိတော့ဘူး ကားပြတ်အဝယ်ရှိရင်ဒီလောက်ကြီးမဆိုးဘူး၊ ခုက ပေါက်စျေးသတ်မှတ်လို့မရတဲ့အနေအထားဖြစ်နေတာပေါ့။အခုကအရောင်းအဝယ်ကိုမဖြစ်တာ။ခုဘယ်လိုရောင်းနေလဲဆိုရင် အလုံးတွေအောက်ချပြီးတော့အလုံးရေတို့ အပုံပြတ်တို့နဲ့သွားနေရတာပေါ့။ပုံထားပြိးမှ အသေးဆိုဘယ်လောက်၊အလတ်ဆိုက်ဆိုဘယ်လောက်၊အကြီးဆိုက်ဆိုဘယ်လောက်ဆိုပြီးသွားနေရတာ၊စျေးက ပြောလို့ကိုမရဘူး၊ ကိုယ့်အသီးအနေအထားကြည့်ပြီး ၄၀၀ နဲ့လည်းရောင်းရတာရှိတယ်၊ပုတ်လို့လွှင့်ပစ်ရင် တစ်ပြားမှမရဘူး၊ကားတစ်စီးဆိုရင် အချို့ကားတွေဆို ကားခသာသာပဲရတယ်ပုတ်လို့လွှင့်ပစ်ရတာမျိုးဆို ကားခတောင်ပြန်မရဘူး၊အဲ့တော့အသီးအနေအထားကြည့်ပြီး ကားခပဲရမယ့်အနေအထားကို စျေးကိုင်နေရင် ကာခတောင်ရမှာမဟုတ်တော့ဘူး၊အဲ့တော့ရတဲ့စျေးနဲ့ရောင်းထုတ်ရတာပေါ့ ” ဟု ဒညင်းကုန်းမှ ဖရဲပွဲရုံပိုင်ရှင် ကိုသစ္စာ မှပြောပြသည်။

ထို့ပြင် ရာသီဥတုအခြေ အနေကြောင့်  ဖရဲသီးကို ဝယ်ယူသူမရှိဖြစ်နေသည့်အတွက် ဒညင်းကုန်းစျေးတွင် ရက်ကြာပြီး ပုတ်သွားသည့် အနာအဆာ ဖရဲသီး တန်ချိန် ၂၀ ဝန်းကျင်လောက်ကိုလည်း  နေ့စဉ်လွှင့်ပစ်နေရကြောင်းသိရသည်။

ဖရဲသီးကို တရုတ်ကိုတင်ပို့နိုင်ခြင်းမရှိခြင်းရန်ကုန်ကို ဖရဲစိုက်ပျိုးသည့် နယ်စုံကနေ လည်းဖရဲသီးကားများ ဆက်တိုက်ဝင်ရောက်နေခြင်း၊ မိုးဆက်တိုက်ရွာသွန်းခြင်းများ ကြောင့်  ဖရဲသီးကိုဝယ်ယူသူမရှိဖြစ်နေကာ အချိန်ကြာပြီး ဖရဲသီးများပုတ်နေသလို ပွဲရုံများ၌လည်း ဖရဲသီးများထားစရာနေရာမရှိသည့်အခြေအနေဖြစ်နေဟုသိရသည်။

“ရန်ကုန်မှာ ဖရဲဈေးပျက်နေပါပြီလို့ ပြောတာကို မယုံလို့ တောင်သူကိုယ်တိုင်လိုက်လာပြီးရောင်းတာကားအစီးပြတ် သိန်း၃၀ နဲ့ရောင်းတာကို အဝယ်ကမရှိလို့ မနည်းလိုက်စပ်ပြီး ရောင်းနေရတဲ့ အခြေအနေပါ ၊ မိုးရွာတော့ အပုတ်အနာအများအပြားထွက်ပြီး အသီးကအထားမခံတော့ အဝယ်တွေထဲမှာလည်း အပုတ်အနာထွက်ပြီး များများဝယ်ရဲတော့ဘူး၊ကုန်စိမ်းဆိုတာက ရက်ကြာရင်ပုတ်တာပဲ၊အဓိက အဝင်များနေတာရယ်၊ မိုးကဆက်တိုက်ရွာနေတာကြောင့်ပါ ” ဟု ယင်းမှထပ်မံပြောပြသည်။

လက်ရှိ ရန်ကုန်စျေးကွက်တွင် တစ်ရက်လျှင် ဖရဲသီး  ၁၂ ဘီးကား ၁စီး နှင့် ၂စီးကြားသာ ရောင်းချရမှုရှိနေကြောင်းသိရသည်။

ရန်ကုန်စျေးကွက်ကို လက်ရှိတွင် ဖရဲစိုက်ပျိုးသည့် နေရာဒေသအစုံမှ နေ့စဥ် ဖရဲကားအစီးရေ ၃၀ လောက်အထိဝင်ရာက်နေကြောင်း၊ ရန်ကုန်စျေးကွင် ဖရဲသီးဖြုန်းအားက ရာသီဥတု ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်သည့်အချိန်တွင်ပင် ကား ၁၀ စီးဝန်းကျင်သာ ကုန်ကြောင်းသိရသည်။

ရန်ကုန်စျေးကွက်တွင် ယခုလ အောက်တိုဘာလ ပထမပတ်တုန်းကပင် ဖရဲ ၁၆ တန်ပါသည့်  ၁၂ ဘီးကားတစ်စီးကို ၄၅ သိန်းမှ သိန်း ၅၀ ကြားရောင်းချခဲ့ရသေးကြောင်း ၊ ယခုက အခြေအနေပိုဆိုးလာခြင်းဖြစ်ဟုသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *