ရာဘာကို အဆင့်မြင့်ကုန်ကြမ်းအဖြစ်ထုတ်လုပ်ပြီး နိုင်ငံတကာစျေးကွက်ကို တိုက်ရိုက်တင်ပို့ရန် လုပ်ဆောင်နေ

မြန်မာ့ ရော်ဘာများကို  အဆင့်မြင့်ကုန်ကြမ်းအဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာစျေးကွက်ကို တိုက်ရိုက်တင်ပို့နိုင်မှသာ စျေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ‌ရော်ဘာထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရသည်။

ထို့ကြောင့်  ရာဘာများကို အရည်အသွေးပိုင်းမြှင့်တင်ရန်လိုအပ်သလို အရေအတွက်ပိုင်းကိုလည်း များအောင် ဖန်တီးရန်လိုကြောင်း ၊  နိုင်ငံတကာရှိ တာယာစက်ရုံကြီးမှုနှင့် ရာဘာအသုံးမှုများသည့် လုပ်ငန်းများကို အရည်အသွေးမှီ မြန်မာ့ရာဘာကုန်ကြမ်းများတိုက်ရိုက်တင်ပို့ရန် ကြိုးစားနေဟု သိရသည်။

” ကိုယ့်နိုင်ငံကပစ္စည်းတွေက သူများနိုင်ငံကိုတင်ပို့တဲ့အခါစျေးကောင်းမရဘူး၊နိုင်ငံတကာပေါက်စျေးထက်အများကြီးလျှော့ရောင်းနေရတယ်၊အဲ့တော့ နိုင်ငံတကာပေါက်စျေးနဲ့အညီရအောင် အရည်အသွေးထိန်းသိမ်းမှုအပိုင်း၊အရေအတွက်တိုးအောင်လုပ်ရမယ်။နိုင်ငံတကာရောင်းတဲ့အခါ တိုက်ရိုက်ရောင်းနိုင်တဲ့အခြေအနေမျိုးရောက်အောင်ဖန်တီးရမယ်၊အဲ့ဒါမှသာ ရော်ဘာစျေးကွက်ကနိုင်ငံတကာပေါက်စျေးရမယ်၊တောင်သူအတွက်လည်း အမြင့်စျေးတွေရမယ်။” ဟု ရော်ဘာထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်မှ ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှထွက်ရှိသည့် ရာဘာများအနက် ၉၀ ရာခိုင်နူန်းကို ပြည်ပနိုင်ငံများကိုတင်ပို့နေရပြီး ယင်းနိုင်ငံများကမှ ရော်ဘာကို ထပ်မံ အရည်အသွေးမြင့်ကာ နိုင်ငံတကာစျေးကွက်ကို ၎င်းတို့နိုင်ငံထုတ်ပစ္စည်းအဖြစ် တင်ပို့ရောင်းချနေကြခြင်းဖြစ်ဟုသိရသည်။

သို့အတွက်ကြောင့် ရာဘာကုန်ကြမ်းကို အဆင်မြင့်ထုတ်လုပ်ပြီး Made in Myanmar ဆိုသည့် ထုတ်ကုန် အမည်ဖြင့် နိုင်ငံတကာစျေးကွက်ကိုတင်ပို့ရောင်းချနိုင်ရန် လိုအပ်နေခြင်းဖြစ်ဟုသိရသည်။

လက်ရှိတွင် မြန်မာရော်ဘာစျေးကွက်သည် RSS3 တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၀၀ ဝန်ကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် ၁၃၈၀ ကျပ်မှ ၁၇၂၀ ကျပ်အထိစျေးရှိ  ကြောင်းသိရသည်။

” ဟိုတုန်းကတော့မှန်တာပေါ့ ၅၀၀ ၆၀၀ ၇၀၀၊ အဲ့တုန်းကကိုသွားကြည့်လို့မရဘူး။အဲ့တုန်းက တစ်ဒေါ်လာဘယ်စျေးလဲ ၉၀၀ လောက်ရှိတယ် ၊အခုက ဒေါ်လာဘယ်စျေးလဲ ၃၀၀၀ ကျော်ဖြစ်နေတယ်၊ ကြည့်ရမယ်၊ ခုဆို တောင်သူတွေအရင်က မြေဩဇာတစ်အိတ်ကို ၁၅၀၀၀ လောက်ပဲပေးရတယ်၊အခုက ၁၅၀၀၀၀လောက်ပေးရတယ်လေ၊အဲဒါကိုမတွက်ပဲရတဲ့စျေးကိုအမြင့်ဆုံးပြောနေတယ်။လက်ရှိဖြစ်နေတဲ့စျေးတွေကို တွက်ချက်ပြီးပြောမှရမယ်။တကယ်တမ်း ဒေါ်လာစျေးနဲ့ တွက်ကြည့်မယ်ဆိုရင် ရသင့်ရထိုက်တဲ့စျေးက ၂၀၀၀ အထက်မှာရှိရမှာ ” ဟု ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှသုံးသပ်ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပေါ်နေသည့် ရာဘာစျေးနူန်းများအနေဖြင့် မွန်ပြည်နယ်တွင် ရာဘာတစ်ပေါင်ကို ၁၅၀၀ မှ ၁၇၂၀ ကျပ်အထိရှိပြီး တနင်္သါရီတိုင်းဒေသကြီးတွင် ရာဘာတစ်ပေါင်ကို ၁၃၀၀ ကျော်မှ ၁၇၀၀ ဝန်းကျင်ရှိဟုသိရသည်။

မြန်မာနိုင်ငံတွင် ရာဘာကို တနင်္သာ ရီတိုင်း၊မွန်ပြည်နယ် တို့တွင်အဓိကစိုက်ပျိုးပြီး ရန်ကုန်နှင့်ပဲခူးတိုင်းတွင်လည်း စိုက်ပျိုးကြောင်း စိုက်ခင်းပေါင်း ၁ သန်း ၆ သိန်း ကျော်ရှိကာ.နှစ်စဥ်ရာဘာတန်ချိန် ၃ သိန်းဝန်းကျင် ထုတ်လုပ်နိုင်ကြောင်းသိရသည်။

လက်ရှိတွင် မိုးရာသီဖြစ်သည့်အတွက် မိုးရွာလျှင်ရာဘာခြစ်ယူနိုင်ခြင်းမရှိသဖြင့်  ရာဘာထွက်ရှိမှုနည်းနေကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *