စိုက်ပျိုးသူနည်းပါးခြင်း နှင့် တရုတ် ဝယ်လိုအားကြောင့်နှစ် စဉ် နှစ်တိုင်းဈေးကောင်းရနေသည့် ပဲတီစိမ်းနီဈေးနှုန်း ကျဈေးဖြင့်ငြိမ်နေ

တရုတ်ဝယ်လိုအား နှင့် စိုက်ပျိုးထုတ်လုပ်သူ နည်းခြင်းကြောင့် ဈေးကောင်းရနေသော ပဲတီစိမ်းနီ ပဲဈေးများ ယခုတစ်ပတ်အတွင်း ကျဈေးဖြင့် ဈေးငြိမ်နေကြောင်း ပဲတီစိမ်းနီစိုက်တောင်သူများနှင့် ရောင်းချသူ ကုန်သည်များထံမှ သတင်းရရှိသည်။

ပဲတီစိမ်းနီ အများဆုံးစိုက်ပျိုးသည့် ဟင်္သာတမြို့နယ်တွင် ပိဿာ ၂၀ ပါ ပဲတီစိမ်းနီ တစ်တင်းအိတ်လျှင် ၁၁၂၀၀၀ ကျပ် ၊ ပိ ဿာ ၆၀ ပါ သုံးတင်းအိတ်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည့်မှာ တစ်ပတ်ခန့်ရှိပြီးဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပတ် စက်တင်ဘာလ နောက်ဆုံးအပတ်က ပဲတီစိမ်းနီ ပိဿာ ၆၀ပါ သုံးတင်းအိတ်တစ် အိတ်လျှင် ၃၆၀၀၀၀ ကျပ် ရှိခဲ့ပြီး ယခင်ထက် နှစ်သောင်းကျပ်ခန့် ဈေးကျဆင်းခဲ့ပြီး ဝယ်လက်ရှိသော် လည်း ကားတစ်စီးလုံးမရဘဲ ကုန်ရှားပါးနေနောင်း ဟင်္သာတမြို့ ပဲတီစိမ်းနီကုန်သည်များထံမှ သတင်းရရှိသည်။

“ ကုန်က ရှားနေတယ်။ ကားအစီးလုံးလိုက်မရဘူး။ ဒါပေမဲ့ ပစ္စည်းကဈေးကျနေတာ တစ်ပတ်ရှိပြီး နောက်အပတ်လောက်ဆိုရင်တော့ ဈေးပြန်တက်လာမယ်ထင်ပါတယ်။” ဟု ပဲတီစိမ်းနီကုန်သည် ကို အောင်ကြီးကပြောသည်။

တရုတ်ငွေဈေးကျခြင်း ၊ တရုတ်နိုင်ငံတွင် လမုန့်ပွဲတော်ကျင်းပနေသဖြင့် ပဲတီစိမ်းနီများ မဆွဲဘဲ အရောင်းအဝယ်ရပ်နားထားသောကြောင့် ဈေးကျဆင်းနေခြင်းဖြစ်ပြီး နောက်တစ်ပတ်လောက်တွင် တရုတ်ကုန်သည်များ အဝယ်လိုက်လာနိုင်သော ကြောင့်ဈေးပြန်တက်နိုင်ကြောင်း အထက်ပါကုန်သည်  ကပြောသည်။

ပဲတီစိမ်းနီ အများဆုံးစိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော အင်္ဂပူမြို့နယ်တွင်လည်း ပဲတီစိမ်းနီ ပိဿာ ၂၀ တစ်တင်းလျှင် ၁၁၀၀၀၀ ကျပ် ဈေးဖြစ်နေပြီး ကျဈေးဖြင့် ဈေးတန့်နေသည့်မှာ တစ်ပတ် ခန့်ရှိပြီးဖြစ်သည်။

ပဲတီစိမ်းနီ ပေါ်စတွင် တစ်တင်းအိတ်တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်အထိ ဈေးရသော် လည်း ပဲတီစိမ်းနီ လက် ကျန်နည်းချိန်တွင် တစ်တင်းတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်အထိ ဈေးရတက် ကြောင်း ၊  အင်္ဂပူမြို့နယ်တွင် ပဲတီစိမ်းနီ ရောင်းသူများသော်လည်း ဈေးကျဆင်းနေသဖြင့် ဝယ်ယူ သူနည်းပါး နေကြောင်း သတင်းရရှိသည်။

“ဒီပဲက ဈေးကောင်းရတယ်။ အခြားပဲတွေက ဈေးတက်ရင် တစ်ထောင် ၊ နှစ်ထောင် ၊ သုံးထောင်ကျပ် တက်ကြပေမဲ့ ဒီပဲက တက်ရင် တစ်သောင်း ၊ နှစ်သောင်း တက်တယ်။ ကျရင်လည်း အဲ့လောက်ကျ တယ်။ အဓိက တရုတ်က ဆွဲတာပေါ့။ ဂျပန်လည်း ဝယ်တယ်လို့ ကြားတယ်။ အမှန်က ဒီနှစ်က တစ် တင်းကို ၁၄၀၀၀၀ ကျပ်အထိ ဈေးရရမှာ အခုက ကျနေတယ်လို့ ပြော လို့ရတယ်။” ဟု အင်္ဂပူမြို့နယ် ရတနာဝေရောင်းဝယ်ရေးမှာ တာဝန်ခံ အမျိုးသမီးတစ်ဦးကပြောသည်။

ပဲတီစိမ်း အနည်းငယ်စိုက်ပျိုးသည့် ပဲခူးတိုင်းဒေသကြီး ဝေါ်မြို့နယ်တွင် ပိဿာ ၂၀ပါ တစ်တင်းအိတ် လျှင် ၁၁၀၀၀၀ ကျပ် ဈေးရပြီး ကျဈေးဖြင့် ဈေးတန့်နေကြောင်း ၊ ဈေးကောင်းရသောကြောင့် ပဲခူး တိုင်း ဝေါ်မြို့နယ်တွင် ပြီးခဲ့သည့် နှစ်ကစ၍ စိုက်ပျိုးခဲ့ပြီး တစ်တင်းလျှင် ၉၅၀၀၀ကျပ်မှ ၁၀၀၀၀၀ကျပ် ဈေးရကြကြောင်း သိရှိရသည်။

ပဲတီစိမ်းနီ မျိုးစေ့ ပဲ တစ်တင်းအိတ်လျှင် ၁၃၀၀၀၀ ကျပ် ဈေးရပြီး နှစ်ဧက ကျော်စိုက်ပျိုးရင် တစ်ဧက လျှင် ၄ သိန်းကျပ်ကျန်ရှိသဖြင့် ယခုနှစ်တွင် ပဲစိုက်တောင်သူများလာကြောင်း ပဲခူးတိုင်းဒေသကြီး ၊ ဝေါ်မြို့နယ် အရှေ့ခြမ်းတွင် ပဲစိုက် တောင်သူ ကိုသက်ဦးကပြောသည်။

“ စိုက်လည်း စိုက်တယ်။ မျိုးစေ့လည်း ရောင်းတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ဧက ၄ သိန်းလောက်အမြတ် ကျန်ခဲ့တယ်။ ဒီနှစ်တော့ ဒီဘက်မှာ ကျနော်ဆီက မျိုးဝယ်ပြီး တော်တော်များများ စိုက်ကြတော့ဈေး ကွက်မှာ ဝေါ်က ထွက်တဲ့ ပဲတီစိမ်းနီ ပဲတွေ တွေ့ရမယ်ထင်တယ်။” ဟု ပဲစိုက်တောင်သူ ကိုသက်ဦး ကပြောသည်။

ပဲတီစိမ်းနီကို တရုတ်သို့ တင်ပို့ရာတွင် ကနဦး ရန်ကုန်မြို့သို့ တင်ပို့ကြပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ သို့ တင်ပို့ရောင်းချကာ ၊ မန္တလေးမှတစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့ရောင်းချကြသည်။ မန္တလေး မြို့ ပဲကုန်စည်ဈေးကွက်တွင် ပိဿာ ၆၀ သုံးတင်းတစ်အိတ်လျှင် ၃၇၀၀၀၀ ကျပ်ရှိပြီး ယခင်အပတ်များ ထက် တစ်သောင်းကျပ်ခန့်ဈေးကျဆင်းလာခြင်းဖြစ်သည်။

ပဲတီစိမ်းနီသည် ပဲပင်ပေါက်ကြာခြင်း ၊ မြေရွေးခြင်း ၊ ပျိုးပင်များ မသေအောင် ဂရုစိုက်ရခြင်း ၊ ပိုးကျ ခြင်းတို့ကြောင့် စိုက်သူနည်းပါးသည့်  ပဲအမျိုးအစားဖြစ်သည်။

ထို့ကြောင့် အစိုက်နည်းကာ ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ ၊ အင်္ဂပူ မြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး လေးမျက်နှာမြို့နယ် ၊ ငါးသိုင်း ချောင်း မြို့နယ်များတို့တွင်လည်း အနည်းငယ် စိုက်ပျိုးကြ သည်။

ထို့ အပြင် ပဲခူးတိုင်းဒေသကြီးတွင် ဖြူး ၊ဓညဝတီ ၊ ကျောက်တံတား ၊ ပဲခူး ၊ မိုးညို ၊ ထင်တော နှင့် ဝေါ်မြို့နယ်တို့တွင် အနည်းငယ်စိုက်ပျိုး ကြသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *