ပဲခူးရေကြီးမှုကြောင့် စပါးစိုက်ဧက၂၀၀၀ သာ ပျက်စီးမှု ရှိဟုဆို

ပဲခူးခရိုင်တွင်  ရေကြီးရေလျှံမှုကြောင့် ရေနစ်မြှုပ်ခဲ့ရသည့် စပါးစိုက်ဧက ၈ သောင်းနီးပါး ရှိခဲ့ပြီး ရေပြန်ကျချိန်တွင် ထိခိုက်မှုဧက   ၂၀၀၀၀ ကျော်နှင့် ပျက်စီးမှုဧကအနေဖြင့်  ၂၀၀၀ ကျော်သာရှိခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောဆိုခွင့်ရ  စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှပြောသည်။

လက်ရှိတွင် အဆိုပါ ရေနစ်မြှုပ်ှုခဲ့ရသည့် စပါးစိုက်ခင်းများအနက် ရိတ်သိမ်းရန်လိုအပ်သည့် လယ်များကို ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရန် စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်တွေ အမြန်ဆုံးရောက်ရှိရေးကို လုပ်နေသည်ဟုသိရသည်၊

” လယ်တွေပျက်စီးမှုများတယ်ဆိုတာမဟုတ်ပါဘူး။ဒီစာရင်းက အမှန်ပါ၊ပဲခူးခရိုင်မှာ ရေနစ်မြုတ်မှု ၇၇၅၂၄ ဧကရှိတယ်၊ရေကျသွားချိန်ပြန်ပေါ်တာက ၆၂၇၈၉ ဧက ရှိတယ်၊ ထိခိုက်တဲ့ဧကက ၂၈၀၈၇ ဧက ပျက်စီးတာက ၂၀၁၅ ဧကရှိတယ်၊ရေနစ်မြုတ်စပါးခင်းတွေနဲ့ပတ်သက်လို့ လုပ်ဆောင်သင့်တာလုပ်နေတယ်။ ရေကြီးနစ်မြုတ်သွားတဲ့အပေါ်မှာ အမြန်ရိတ်သိမ်းလို့ရတာကို ရိတ်သိမ်းတာကို ဆောင်ရွက်နေတယ် ” ဟု ဝန်ကြီးမှ ပြောသည်။

အဆိုပါ ပဲခူးခရိုင်အတွင်း ရေနစ်မြှုပ်ှုခံရသည့် စိုက်ဧကစာရင်းသည် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကောက်ယူရရှိသည့် ဧကစာရင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးသည့် ဧကကိုမှု ရေပြန်ကျပြီး အပင်ပေါ်လာသည့် အခြေအနေပေါ် တွက်ချက်ပြောဆိုခြင်းဖြစ်ဟုသိရသည်။

အဆိုပါ ရေကြီးရေလျှံမှုတွင် ပဲခူးအပြင် တောင်ငူခရိုင်၌လည်း  ရေနစ်မြှုပ်ခဲ့ရသည့်စပါးစိုက်ဧက ၆၇၅၀ ရှိခဲ့သလို  နတ်တလင်းခရိုင်တွင်လည်း ရေနစ်မြှုပ်ခံခဲ့ရသည့် စပါးစိုက်ဧက ၃၃၀ ရှိခဲ့ဟု သိရသည်။

တောင်သူများအနေဖြင့် နှစ်စဉ်ရေဝင်ရောက်လေ့ရှိသည့်  မြေနိမ့်ပိုင်းရှိ လယ်မြေများတွင်  ရေမြှုပ်ခံစပါးမျိုးကို စိုက်ပျိုးရန် လိုအပ်ပြီး မိုးရေချိန်နည်းပါးသည့် ဒေသများ၌မူ ရေအနည်းလိုစပါးမျိုးကိုစိုက်ပျိုးနိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အောက်တိုဘာလ(၁၆) ရက်နေ့၊ မနက်ပိုင်းတွင်ပြုလုပ်ခဲ့သည့်   စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်စိုက်ပျိုးရေးဦးစီးဌာနကို  ပြောဆိုခဲ့ကြောင်းသိရသည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကကျသည့် သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အလေး ထား ဆောင်ရွက်ရန်လိုအပ်သဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သက်လျင်အထွက်တိုး မျိုးကောင်းမျိုးသန့်ရရှိရေးကို အဓိကထား ဖြည့်ဆည်း ပေးရန်လိုကြောင်းလည်း ဝန်ကြီးချုပ်ကတဆက်တည်းပြောဆိုခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် ယခု ၂၀၂၃ ခုနှစ်တွင်  မိုးစပါးစိုက်ဧက ၂၆ သိန်းကျော် စိုက်ပျိုးထားပြီး လက်ရှိတွင်  မိုးစပါးဧက ၅ သိန်းကျော် ရိတ်သိမ်းပြီးစီးကြောင်းသိရသည်။

ပဲခူးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် အောက်တိုဘာလ ၇ ရက်နေ့ညမှ ၁၀ ရက်နေ့အထိ  ရေကြီးရေလျှံမှုဖြစ်ပြီး ရေနစ်မြှုပ် ပျက်စီးမှုများရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလားတူပဲခူးမြို့ပေါ်တွင် ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် မြေဩဇာ ဂိုဒေါင်များ၊ဆန်ပွဲရုံ၊သီးနှံသိုလှောင်ရုံများထဲသို့ ရေများဝင်ရောက်ကာ ပျက်စီး ဆုံးရှုံး မှုများရှိခဲ့ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *