ရေနစ်မြှုပ်ခဲ့ရသည့် ငါးမွေးမြူရေကန် ၂၀၀၀ ကျော်ကို ငါးသားပေါက် ၆၆ သိန်းကျော် စိုက်ထည့်ပေးမည်

ပဲခူးမြို့နယ် တွင် ရေကြီးရေလျှံမှုကြောင့် ငါးမွေးမြူရေးကန် ဧက  ၃၀၀၀ ကျော်ရှိသည့်အနက် ကန်ဧက ၂၀၀၀ ကျော်ရေနစ်မြှုပ်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါရေနစ်မြှုပ်ခဲ့ရသည့် ငါးမွေးမြူရေးကန်များ၏ ထိခိုက်နစ်နာမှုများအတွက် ပြန်လည်ကုစားပေးနိုင်ရန်အတွက် ဈေး ကွက်ရှိပြီး စားသုံးမှုများပြားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန် (၂)လက်မအရွယ်ငါးမျိုးများ ပြန်လည်စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

“ဝန်ကြီးချုပ်ကလည်း ညွှန်ကြားထားပါတယ်။အဓိက ငါးမွေးသူတွေ ထိခိုက်မှုကို ပြန်ကုစားပေးတဲ့သဘောနဲ့ ငါးအထွက်နူန်း လျော့မကျအောင်လို့ပါ၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးအဖွဲ့ ရော၊ ဝန်ကြီးချုပ်ရော ငါးကန်တွေကို ကွင်းဆင်းကြည့်ပြီးပါပြီ၊နောက် ဖြစ်လာနိုင်တဲ့ အယ်နီညိုနဲ့ပတ်သက်တာတွေကို ငါးမွေးမြူသူတွေကို အသိပညာပေး ပြောထားတယ် ” ဟု ယင်းမှပြောသည်။

ရေနစ်မြှုပ်ခဲ့ရပြီး ထိခိုက်နစ်နာမှုများရှိခဲ့သည့်   ငါးမွေးမြူရေးကန်များကို ငါးသားပေါက်များစိုက်ထည့်ပေးရာတွင်   တစ်ဧကကို ငါးသားပေါက် ၃  ထောင်နှုန်း ဖြင့် ရေနစ်မြှုပ်ှုက ၂၀၀၀ ကျော်အတွက် ငါးသားပေါက်ပေါင်း  ၆၆ သိန်းကျော်ကို တိုင်းအစိုးရအဖွဲ့မှ  စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပဲခူးမြို့နယ်အတွင်း၌ ငါးမွေးမြူရေကန်ပေါင်း  ၃၀၀၈.၄၉  ဧကရှိပြီး  ရေကြီးနစ်မြုပ်ခဲ့သည့်ငါးမွေးမြူရေးကန်ဧက မှာ ၂၂၂၁.၁၁ ဧကရှိကြောင်း၊လက်ရှိတွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနသည် ကလိ၊မယင်း၊ ကွေ့တန်းရှည်၊ အင်းတကော်ကျေးရွာအုပ်စုများအတွင်းရှိ ငါးမွေးကန်များသို့သွားရောက်၍ ငါးမွေးကန်များရေနှစ်မြုပ်ခဲ့မှုအပေါ်ကွင်းဆင်းစစ်ဆေးပြီး ဖြစ်ကြောင်းသိရသည်။

အယ်နီညိုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့်အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ် ခြင်း၊ အယ်နီညိုဖြစ်ပွားနေချိန်တွင်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အယ်နီညိုဖြစ်ပွားပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့်ပတ်သက်ပြီးလည်းငါးမွေးမြူရေးလုပ်ငန်းရှင်များကို ပညာပေးဟောပြောမှုများလုပ်ဆောင်နေကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *