မတ်ပဲဈေး စံချိန်တင်မြင့်တက်နေ

ပြည်တွင်းပဲမျိုးစုံစျေးကွက်တွင် မတ်ပဲစျေးက စံချန်တင် မြင့်တက်လာနေပြီး ပဲစဉ်းငုံနီကတော့ အတက်စျေးတန်းတွင်  ငြိမ်နေကြောင်း ကုန်စည်ဒိုင်များမှ သိရသည်။

မတ်ပဲကို အိန္ဒိယနိုင်ငံမှ အဝယ်လိုက်နေသည့်အပြင် ပြည်တွင်းတွင်လည်း လက်ကျန်းနည်းနေသောကြောင့်စျေးတန်းက မြင့်တက်လာနေခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ပဲစဉ်းငုံနီကလည်း ပြည်တွင်း ၌ လက်ကျန်မရှိသလောက်နည်းသွားသည့်အတွက် အရောင်း အဝယ် မရှိသော် လည်း ပစ္စည်းမရှိသည့်အတွက် စျေးနူန်းက ဆက်တိုက်မြင့်လာပြီး ယင်းအမြင့်စျေးတန်း၌ပင် ငြိမ်နေခြင်းဖြစ်ကြောင်းသိရသည်။

“မတ်ပဲက အိန္ဒိယ ဘက်က လိုအပ်ချက်ရှိတော့ အဝယ်လိုက်လို့စျေးကောင်းလာတယ်။အစက FOC 900 ကျော်ပဲရှိတာ၊အခု ၁၀၀၀ကျော်အထိပေးလာတော့ စျေးကတက်လာတာပေါ့။အခုကလက်ကျန်ကလည်းအရမ်းနည်းသွားပြီ မရှိတော့ဘူး၊ပဲစဉ်း ငုံနီကလည်း ဟိုဘက်ကလည်းထပ်မဝယ်ဘူး၊ဒီမှာလည်းပဲမရှိမှန်းသိတယ်ဒါကြောင့်ထပ်မတက်တာ၊အခုစျေးကကိုအမြင့်ဆုံးဖြစ်နေတာလေ အဲ့ထက်မြင့်ရရင် ခက်ရချည်ရဲ့ ” ဟု အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးမှသုံးသပ်ပြောသည်။

လက်ရှိ မတ်ပဲစျေးသည် ရန်ကုန်ဘုရင့်နောင်စျေးကွက်တွင် မတ်ပဲ FAQ  တစ်တန်ကို ၂၇၀၀၀၀၀ ကျေ် ကျပ်အထိ စျေးရှိနေပြီး FOB စျေးနူန်းကလည်း ၁၀၀၅ မှ ၁၀၂၅ အထိရှိလာကာ နယ်စျေးကွက်မှာလည်း ပိဿာ ၂၀ တစ်တင်းကို ၈၉၀၀၀ ကျပ်အထိရှိလာကြောင်းသိရသည်။

အလားတူ ပဲစဉ်းငုံနီကလည်း ရန်ကုန်စျေးကွက်တွင် တစ်တန်ကို သိန်း ၄၀၇၅၀၀၀ ကျပ်ရှိပြီး FOB စျေးနူန်းကဒေါ်လာ ၁၃၅၀ မှ ၁၃၇၀ အထိရှိကာ မန္တလေးစျေးကွက်တွင် ပိဿာ ၆၀ တစ်အိတ်ကို ၃၉၀၀၀၀ ကျပ်အထိ ရှိနေကြောင်းသိရသည်။

လက်ရှိရောက်ရှိနေသည့် မတ်ပဲနှင့် ပဲစဉ်းငုံနီ စျေးနူန်းများသည် အမြင့်ဆုံးစျေးနူန်းများဖြစ်သောကြောင့် ၎င်းနှုန်းများထက် ထပ်မံမြင့်တက်လာနိုင်ဖွယ်မရှိတော့သလို စျေးတန်းအများကြီးကျဆင်းနိုင်ဖွယ်လည်းမရှိဘူးဟုကုန်သည်များက ဆိုသည်။

ပြီးခဲ့သည့် မတ်ပဲပဲစိုက်ရာသီတွင် မတ်ပဲစိုက်ခင်းများတွင် ပိုးများကျရောက်ခဲ့သည့်အတွက် အထွက်နူန်းများလျော့ကျခဲ့သိလို ယခုနှစ် ပဲစဉ်းငုံနီ စိုက်ပျိုးမှု၌လည်း စိုက်ဧကလျော့ကျမှုရှိနေကြောင်းသိရသည်။

မတ်ပဲကို လာမည့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းရလေ့ရှိကြောင်းသိရသည်။ပဲစဉ်းငုံနီ အသစ်များကတော့ နိုဝင်ဘာလထဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ရိတ်သိမ်းရတော့မည်ဖြစ်ကြောင်းသိရသည်။

မတ်ပဲနှင့် ပဲစဉ်းငုံနီ များကို အိန္ဒိယ နိုင်ငံကိုသာအဓိကတင်ပို့ရခြင်းဖြစ်ပြီး လက်ရှိတွင်  အိန္ဒိယအစိုးရက မြန်မာ့မတ်ပဲနှင့်ပဲစဥ်းငုံကို အခွန်ကင်းလွတ်ခွင့်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားသည်။

သို့အတွက်ကြောင့် လာမည့် ပဲစဉ်းငုံနီ  အသစ်ပေါ်ချိန်နှင့် မတ်ပဲအသစ်ပေါ်ချိန်တို့တွင်လည်း စျေးနှုန်းအများကြီး ကျဆင်းနိုင်ဖွယ်မရှိကြောင်းကုန်သည်များမှသုံးသပ်ထားသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *