၄၅ ရက်အတွင်း မြေထောက်ပဲဈေး သုံးသောင်းကျပ်ခန့် ကျဆင်း

တရုတ်ဝယ်လိုအား မရှိခြင်းကြောင့် ဈေးကောင်းရရှိနေသည့် မြေထောက်ပဲဈေးများမှာ ရက်ပေါင်း ၄၅ ရက်အ တွင်း သုံးသောင်း ကျပ်ခန့် ဈေးကျသွားကြောင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်မှသတင်းရရှိသည်။

နှစ်စဉ် နှစ်တိုင်း ဈေးကွက်ရရှိနေသည့် မြေထောက်ပဲ ဈေးများ သြဂုတ်လ နောက်ဆုံးအပတ်တွင် ၅၄ ပိဿာ ၊ သုံးတင်းတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ကျပ်အထိ ဈေးတက်ခဲ့သော်လည်း စက်တင်ဘာလ အတွင်း ဈေး စတင် ကျဆင်းခဲ့သည်။

စက်တင်ဘာလအတွင်း မြေထောက်ပဲ ၅၄ ပိဿာ ၊ သုံးတင်းတစ်အိတ်လျှင် ၃၆၅၀၀၀ ကျပ် ကျဆင်းခဲ့ရာမှ အောက်တိုဘာလဆန်းပိုင်းတွင် မြေထောက်ပဲ ၅၄ ပိဿာ ၊  သုံးတင်းတစ်အိတ် လျှင်ငွေကျပ် ၃၅၀၀၀၀ ကျပ် အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

“တရုတ်က မဆွဲဘူး။ ဒီက သွားပို့တဲ့သူတွေကလည်း စရိတ်စကများတယ်။ ဒါကြောင့် တရုတ်ကို ပို့တာ ရပ် ထားတယ်။ ၃၆၅၀၀၀ ကျပ်မှာ ရပ်နေတာ။ အခုကျတော့ သုံးသိန်းခွဲနဲ့ ငြိမ်နေတယ်။ တက်လည်း မတက် ၊ ကျ လည်း မကျ ၊ ရပ်နေတယ်။ ရန်ကုန် သင်္ဘောလိုင်းက ဆွဲတယ်ဆိုပေမဲ့ လိုင်းကြပ်တယ် ထင်တယ်။ ဈေးက တက်မလာဘူး ၊ အားလုံးကျလာတယ်။” မန္တလေး မြို့ ပဲမျိုးစုံဈေးကွက် ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးက အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။

ရှယ်ထိပ်စ မြေထောက်ပဲ သုံးတင်းတစ်အိတ်လျှင် သုံးသိန်းခွဲကျပ် ဈေးပေါက်သော်လည်း မုံရွာစဟုခေါ်သော မုံရွာ ၊ တမူး ၊ ကလေး ၊ ချင်း နှင့် ဟုမ္မလင်း မြို့နယ်အတွင်းမှ ထွက်ရှိသည့် မြေထောက်ပဲ ဈေးမှာ အရည်အ သွေး နိမ့်သဖြင့် သုံးတင်းတစ်အိတ်လျှင် ၃၂၅၀၀၀ ကျပ်သာ ဈေးရရှိကြောင်း မန္တလေးမြို့ ကုန်စည်ဈေးကွက်မှ သတင်းရရှိသည်။

“ မြေထောက်ပဲက ဈေးကွက်အေးနေတယ်။ ဝယ်သူက သုံးသိန်းခွဲပေးချင်တယ်။ ရောင်းသူကတော့ သုံးသိန်း ခြောက်သောင်းရချင်တယ်။ တရုတ်ကလည်း မကိုက်လို့ မဆွဲဘူး။ ယွမ်ဈေးကလည်း ကျနေတယ်။ ရောင်းချင် တဲ့သူများတယ်။ ဝယ်ချင်တဲ့သူ သိပ်မရှိတော့ မရောင်းရဘူး။”ဟု မန္တလေးမြို့ ပဲမျိုးစုံဈေးကွက် ၊ သိပ္ပံအောင်ပွဲ ရုံမှ ကိုခင်မောင်လတ်က အောက်တိုဘာ ၁၇ရက်တွင်ပြောသည်။

မြေထောက်ပဲ သုံးတင်းတစ်အိတ်လျှင် သုံးသိန်းခွဲ ဈေးကွက်ပေါက်သော်လည်း  မျိုးအဖြစ်သုံးရသည့် မြေ ထောက်ပဲ သုံးတင်းတစ်အိတ်လျှင် သုံးသိန်းခုနှစ်သောင်းခွဲကျပ် ဈေးပေါက်ပြီး အရောင်းအဝယ်အနည်းအကျဉ်း ဖြစ်နေကြောင်း ကိုခင်မော်လတ် က ပြောသည်။

မြေထောက်ပဲ စိုက်ပျိုးသည့် သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့ဈေးကွက်တွင် မြေထောက်ပဲ သုံးတင်းတစ် အိတ်လျှင် ၃၃၀၀၀၀ ကျပ် ဈေးပေါက်နေသော်လည်း ပဲပေါ်ရာသီမဟုတ်သောကြောင့် မျိုးမြေထောက်ပဲကလွဲ၍ အရောင်းအဝယ်မရှိကြောင်း တကောင်းမြို့ ဈေးကွက်မှ သတင်းရရှိသည်။

“ မျိုးပဲ အရောင်းအဝယ်ဖြစ်နေတာ။ ပဲမထွက်သေးတော့ အရောင်းအဝယ်မရှိဘူး။ ဇန်နဝါရီလ ဆန်းလောက်မှပဲ ပေါ်မယ်။ အဲအခါကျမှပဲ အရောင်းအဝယ်ဖြစ်မယ်။ ဈေးကတော့ မန္တလေး နဲ့ နှစ်ထောင်လောက်ပဲကွာတယ်။” ဟု တကောင်းမြို့မှတောင်သူ ကိုဇော်မျိုးထွန်းကပြောသည်။

ကချင်ပြည်နယ်တွင် မြေထောက်ပဲ အများဆုံးထွက်ရှိသည့် မိုးကောင်း ၊ မိုးညှင်း မြို့နယ်များတွင် မြေထောက်ပဲ ၁၆ ပြည် တစ်တင်းအိတ်လျှင် ၁၈၀၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ်အကြားဈေးပေါက်နေသော်လည်း အရောင်းအဝယ်မဖြစ်ကြောင်း မိုးကောင်းမြို့မှ ပဲကုန်သည် ဒေါ်စုစုစန္ဒီက ပြောသည်။

“ဒီဘက်မှာတော့ မြေထောက်ပဲ တန်ချိန် သောင်းချီထွက်တယ်။ တရုတ်ကို အဓိက ပို့ကြတာ။ အခု လက်ကျန် မရှိတော့ဘူး။ မျိုးလောက်ပဲ ရှိတော့တယ်။ အချင်းချင်းဝယ်တာ ၊ ရောင်းတာလောက်ပဲရှိတယ်။” ဟု ဒေါ်စုစုစန္ဒီ ကပြောသည်။

မြေထောက်ပဲကို အောက်တိုဘာ နှင့် နိုဝင်ဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထွက်ရှိ သည်။စစ် ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ၊ ကရင်ပြည်နယ် ၊ ဧရာဝတီမြစ်ကမ်းတစ် လျှောက်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။

မြေထောက်ပဲကို တရုတ် နှင့် အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူပြီး ဂျပန် နိုင်ငံ ၊ စင်္ကာပူနိုင်ငံတို့ကိုလည်း တင် ပို့နေရာ ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍရေးနှစ် ဧပြီ ၁ ရက်နေမှ ဒီဇင်ဘာလအထိ မြေထောက်ပဲ တင်ပို့မူမှာ အမေ ရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်း ရရှိသည်။

ယခုဘဏ္ဍရေးနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်း  ဧပြီလ ၁ရက်နေမှ ဇူလိုင်လ ရက်အထိ မြေထောက်ပဲ တန် ချိန် ၁၁၈၉ ဒသမ ၆၅၀ တန် တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၅ သန်းရရှိခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်ရောင်း ဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။  

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *