ပြည်ပဝယ်လိုအားမရှိ၍ မြေပဲဆံဈေး ဆက်တိုက်ကျဆင်းနေ

ပြည်ပ ဝယ်လိုအားမရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် မြေပဲဆံဈေးများဆက်တိုက်ကျဆင်းနေပြီး သုံးရက်အတွင်း တစ်ပိဿာ ၃၀၀ကျပ်အထိကျဆင်းလာကြောင်းမန္တလေးမြို့ ပဲမျိုးစုံဈေးကွက်မှသတင်း ရရှိသည်။

ယခင်နှစ်များက မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေပဲဆံများကို တရုတ် နှင့် ထိုင်းနိုင်ငံ နယ်စပ်မှကုန်သည် များ ဝယ်ယူမူရှိသော်လည်း ယခုနှစ် မြေပဲပေါ်ရာသီတွင် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ် မြဝတီမှ ကုန်သည်များ ဝယ်ယူမူမရှိသလို ၊ တရုတ်နယ်စပ်မှလည်းဝယ်ယူမူမရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံဈေး ကွက်မှ ကုန်သည်များကပြောသည်။

“ export မထွက်ဘူး။ တရုတ်က မဝယ်ဘူး။ ကြိုးကြာ ကြိုးကြာလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ မြေပဲ ဆံ အနီလုံးတွေတော့ လိုင်းဖြစ်သေးတယ်။ ပြည်တွင်းက မြေပဲဆံက တရုတ်က အများဆုံးဝယ် တာကိုး။ သူ့မဝယ်ရင် ကျွန်တော်တို့ဘာမှ လုပ်မရဘူး။” ဟု ဝင်းဝင်း ပွဲရုံမှ ကိုရဲမိုးကပြောသည်။

မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်တွင် မြင်းမူ နှင့် နွားထိုးကြီးနယ်မှ ထွက်ရှိသည့် မြေပဲဆံဈေးများသည် ဈေးကောင်းရသည့် မျိုးများဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်ရှိသည့် ကျန်မြေပဲဆံများမှာ ဈေးနှုန်းအသင့်တင့်ရရှိကြောင်း သိရသည်။

လွန်ခဲ့သည့် သုံးရက် အောက်တိုဘာ ၁၇ ရက်နေ့က မြင်းမူ မြေပဲဆံ မျိုးပဲ တစ်ပိဿာ ၇၁၀၀ကျပ် ၊ လိုင်းမြေပဲဆံ တစ်ပိဿာ ၆၈၀၀ ကျပ် ရရှိခဲ့သော်လည်း ယနေ့ အောက်တိုဘာ ၂၀ ပေါက်ဈေးတွင် မျိုး တစ်ပိဿာ ၆၅၀၀ ကျပ် ၊ လိုင်းပဲ ၆၃၀၀ ကျပ်သာ ဈေးပေါက် ပြီး သုံးရက်အတွင်း ၃၀၀ ကျပ် ကျဆင်း လာခြင်းဖြစ်သည်။

 မြင်းမူ မြို့နယ်မှ ထွက်ရှိသည့် မြေပဲဆံဖြစ်သော်လည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမူ ရှိသဖြင့် တစ်ပိဿာလျှင် ၅၈၀၀ ကျပ်မှ ၆၂၀၀ ကျပ် အကြား ပေါက်ဈေးရှိသည်။ အခြားနယ်များမှ ထွက်ရှိသည့် မြေပဲဆံများမှာ ထိပ်စ တစ်ပိဿာ လျှင် ၅၅၀၀ ကျပ်မှ ၅၇၀၀ ကျပ် အကြားဈေးပေါက်ကာ ယခင် တစ်ပိဿာလျှင် ၅၉၅၀ ကျပ်မှ ဈေးကျဆင်းလာခြင်းဖြစ်သည်။

ပြည်ပမှ ဝယ်ယူသည့် မြေပဲဆံအနီဈေးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၅၃၀၀ ကျပ်အကြားရှိပြီး ယခင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၆၂၀၀ ကျပ်အကြားရရှိခဲ့သည့် ဈေးမှ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ သုံးရက်အတွင်း တစ်ထောင်ကျပ် ဈေးကျဆင်းလာခြင်းဖြစ်သည်။

“ဒီနှစ်က အထွက်များတယ်။နယ်စုံက ဝင်နေတာ။ ဈေးကွက်က ကျနေတယ်။ တရုတ်ကိုပဲ အားကိုးနေ ရတော့ ပဲအထွက်များပြီး အပြင်မထွက်ဆိုတော့ ဈေးက ဆက်တိုက်ကျလာတာ။ အရှုံးပိုမြန်တဲ့ နှစ်ပဲ။ လယ်ယာထွက်ကုန်ထဲက မြေပဲက အကျအမြန်ဆုံးဖြစ်နေတယ်။ ပြည်တွင်းဝယ်လိုအားပဲရှိတယ်။” ဟု မန္တလေးမြို့ သိပ္ပံအောင်ပွဲရုံမှ တာဝန်ခံ ကိုခင်မောင်လတ်ကပြော သည်။

ပြည်ပ ဝယ်လိုအားမရှိဘဲ ပြည်တွင်း စားသုံးသူဈေးကွက်သာ အားထားနေရသောကြောင့် ဈေးကွက်အေးနေ ပြီး အရောင်းအ ဝယ် မဖြစ်ကြောင်း မကွေးမြို့ ပဲမျိုးစုံဈေးကွက်မှ သတင်းရရှိသည်။

“မန္တလေးလည်း မကိုက်ဘူး။ ရန်ကုန်လည်း မကိုက်ဘူး။ မြဝတီလည်း မကိုက်ဘူး။ အဲဒါကြောင့် မပို့ဖြစ်ဘူး။ ကျွန်တော်နယ်တွေမှာ ဆီကြိတ်တဲ့ စက်ရုံတွေနဲ့ လုပ်ငန်းသုံးတွေကိုပဲ ရောင်းနေတယ်။ ဈေးကွက်မသွက်ဘူး။ အေးနေတယ်။ ဈေးကတော့ ဆက်တိုက်ကျနေတယ်။” ဟု မြင့်မြတ်တော်ဝင်ပွဲရုံမှ တာဝန်ခံ ကိုကျော်စိုးသက် ကပြောသည်။

ပဲအမျိုးစုံ ထွက်ရှိသည့် မကွေးမြို့ ပဲဈေးကွက်တွင် မြေပဲဆံအဖြူ တစ်ပိဿာလျှင် (အသစ်) ၆၀၀၀ ကျပ်မှ ၆၂၀၀ ကျပ် ၊ အဟောင်း မြေပဲဆံအဖြူ တစ်ပိဿာလျှင် ထိပ်စ ၆၀၀၀ ကျပ်မှ ၆၁၀၀ ကျပ် ရှိပြီး မြေပဲဆံမလှ သည့် မြေပဲဆံ တစ်ပိဿာ ဈေးမှာ ၅၅၀၀ကျပ်မှ ၅၆၀၀ ကျပ်အထိ ဈေးရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်က မြေပဲဆံအဖြူ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၆၃၀၀ကျပ်မှ ၆၄၀၀ ကျပ်အထိ ဈေး ပေါက်ခဲ့ရာမှာ ယခုအခါ အမြင့်ဆုံးဈေး တစ်ပိဿာလျှင် ၆၁၀၀ ကျပ်သာ ဈေးပေါက်ခြင်းဖြစ်ပြီး ငွေကျပ် ၃၀၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

ဆီစက်များ အများဆုံးအသုံးပြုသည့် မြေပဲဆံအဖြူ ဆီဆံ ပဲခြမ်းနှင့် ပဲလုံးအရော မြေပဲမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်သာရှိပြီး ယခင် တစ်ပိဿာ လျှင် ငွေကျပ် ၅၅၀၀ ကျပ် မှ ဈေးကျဆင်းလာခြင်းဖြစ်သည်။

မြေပဲဆံ ဈေးများ ကျဆင်းသည့်နည်းတူ တိရစ္ဆာန်အစာဖြစ်သုံးသည့် ပဲဖတ်ဈေးများမှာလည်း ကျဆင်းနေပြီး ယခင်က တစ်ပိဿာ ၃၀၀၀ ကျပ်ပေါက်ရာမှာ ယခုအခါ တစ်ပိဿာ ၂၆၀၀ကျပ် ဈေးပေါက်ပြီး ဝယ်ယူသူပင်မရှိကြောင်း မန္တလေးမြို့နှင့် မကွေးမြို့ ဈေးကွက်မှ သတင်းရရှိသည်။

“သူတို့ ပြန်မပို့ ၊ မချင်း မြေပဲဆံဈေးက မတက်နိုင်ဘူး။ လုပ်ငန်းသုံး ဆီစက်တွေကိုပဲ အားကိုးနေရတယ်။ ဒီတိုင်းဆက်သွားနေရင် မြေပဲဆံဈေးက ထပ်မတက်နိုင်ဘဲ အကျဘက်ကိုပဲ ဦးတည်နေလိမ့်မယ်။ ကျနေတာ က ရက်ရက်စက်စက်ဆိုတော့ သိပ်မခန့်မှန်းရဲပေမဲ့ ဆီဆံ မြင်းမူတောင် ၄၉၀၀ ကျပ်အထိ ဖြစ်နိုင်တယ်။” ဟု ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးကပြောသည်။

တရုတ်မှ ဝယ်လိုအားမရှိခြင်းနှင့် ထူးခြားသည့် ပြောင်းလဲမူမရှိပါက မြေပဲဆံဈေးများ ဈေးနှုန်းထပ်တက်ဖွယ် မရှိဘဲ ဈေးများ ဆက်တိုက်ကျဆင်းလာပါကာ မြေပဲဆံ ထိပ်စ တစ်ပိဿလျှင် ၅၅၀၀ ကျပ်အထိရောက်ရှိနိုင် သည်ဟု မန္တလေးမြို့ ဝါရင့် ပဲကုန်သည်များက ခန့်မှန်းပြောဆိုသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *