တိရိစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူမည်

မြန်မာတစ်နိုင်ငံလုံးတွင်မွေးမြူထားသည့် တိရိစ္ဆာန်များနှင့်ပတ်သက်ပြီး  အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို နိုဝင်ဘာလတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူခြင်းကို   နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၅ မြို့နယ်မှ ကျေးရွာအုပ်စု၊ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကွက်ပြည့်စာရင်း ကောက်ယူပြီး  စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကိုမူ   ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် သက်ဆိုင်ရာ နယ်မြေအလိုက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာရငျးကောကျယူမညျ့ဝနျထမျးမြားကို တိရစ္ဆာန်ကောင်ရေစာရင်းများ စနစ်တကျကောက်ယူရာတွင် အသုံးပြုသည့် မေးခွန်းလွှာနှင့် Commcare Application တို့ကို စနစ်တကျအသုံးပြုတတ်စေရေး၊ ကောင်ရေစာရင်းကိန်းဂဏန်းများ မှန်ကန်မြန်ဆန်ပြည့်စုံစွာ အစီရင်ခံတင်ပြနိုင်ရန် သင်တန်းပို့ချနေကြောင်း သတင်းရရှိသည်။

” အခု စာရင်းကောက်ဖို့ သင်တန်းတွေပေးနေတယ်၊ လက်တွေ့လည်း စာရင်းကောက်နည်းကိုပြသနေတယ်။မြို့နယ်ဦးစီးမှူးတွေက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆရာဖြစ်သင်တန်းတက်ရတယ်၊ပြီးမှ သင်တန်းသားတွေကို ပြန်ပြီးသင်တန်းပေးရတာပေါ့ ၊အခုက တစ်နိုင်ငံလုံးသင်တန်းတွေပေးနေတယ်၊လက်တွေ့ ကွင်းဆင်းပြီး လေ့ကျင့်နေတာတွေလည်းရှိတယ် ” ဟု ပဲခူးတိုင်းအတွင်းမှ မွေးမြူရေး နှင့်ကုသရေးဦးစီးမှူး တစ်ဦးကပြောပြသည်။

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယား ကိန်းဂဏန်းများလိုအပ်သဖြင့်အရေးပါသည့် ကိန်းဂဏန်းများ ပြန်လည်တည့်မတ်နိုင်ရန်တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းများ ရရှိရေးအတွက် စာရင်းကောက်ယူရခြင်းဖြစ်ဟုသိရသည်။

တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသားအဆင့်တိရစ္ဆာန် ကောင်ရေစာရင်းကို(၅)နှစ်လျှင် တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခြင်းဖြစ်သဖြင့် ယခု ၂၀၂၃ ခု နိုဝင်ဘာလတွင် ကောက်ယူမည်ဖြစ်ကြာင်း သိရသည်။

ကြားကလတွင်လည်း တိရစ္ဆာန်ကောင်ရေစာရင်း ပြောင်းလဲမှုကို သိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းများကို တာဝန်ရှိသူများမှ နှစ်စဉ်ကောက်ယူမှုရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ပြည့်နှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေ စာရင်းအားမြေပြင်တွင် ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ စာရင်းပြုစုမှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *