ပြည်ပကို တင်ပို့မည့် လယ်ယာထွက်ကုန်များအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရယူနိုင်ပြီ

ရန်ကုန် ၊ နိုဝင်ဘာ ၃ ၊၂၀၂၃

ပြည်ပသို့ တင်ပို့မည့်  ပြည်တွင်းလယ်ယာထွက်ကုန်များအတွက်   ISO နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ မတင်ပို့မှီ နိုင်ငံတကာအသိအမှတ်ပြု ISO 17025 ရရှိထားသည့်   စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း Agricultural Products Analytical Lab- APALတွင် ပိုးသတ်ဆေး၊ ဓါတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါအန္တရာယ်ကင်းရှင်းမှုရှိမရှိအား ဓာတ်ခွဲစစ်ဆေးပြီး ပြည်ပကို တင်ပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

” လယ်ယာ ထွက်ကုန်တွေမှာ ဓါတုဓာတ်ကြွင်းတွေ ၊ ပါဝင်နိုင်တဲ့ မှိုအဆိပ်အသင့်မှု၊ အဆိပ်သင့်ပစ္စည်းများကို စစ်ဆေးရတာဖြစ်ပါတယ်၊ တင်ပို့မယ့် ပစ္စည်းအားလုံးကို နမူနာယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိလို့ လုပ်ငန်းရှင်တွေ အနေနဲ့ တင်ပို့မယ့် ပို့ကုန်မှာ ကိုယ်စားပြုမယ့်  သီးနှံSample ပစ္စည်းကိုပဲ ဓါတ်ခွဲခန်းကို ပေးပို့ရမှာပါ၊ ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှပြောသည်။

ဓာတ်ခွဲစစ်ဆေးရန်အတွက် ပြည်ပကို တင်ပို့မည့် ပို့ကုန်အတွက် ကိုယ်စားပြုမည့်  သီးနှံနမူနာကိုသာ ရွေးချယ် ယူရမည်ဖြစ်ကြောင်းသိရသည်။

ပြည်ပနိုင်ငံများကို ကုန်သွယ်မှုဆောင်ရွက်သည့်အခါ  ကုန်ပစ္စည်းဝယ်ယူမည့်နိုင်ငံအလိုက်  လိုအပ်ချက်၊ အကန့်အသတ်၊ စံသတ်မှတ်ချက်များကိုသိရန် လည်းလိုအပ်ကြောင်း အကယ်၍  လိုအပ်ချက်ကို ပြည့်မီအောင် မပို့နိုင်ပါက ကုန်ပစ္စည်းများကို  ဆိပ်ကမ်းကနေ ပြန်ပို့ခံရသည့်ကိစ္စရပ်များ ကြုံတွေ့နိုင်ကြောင်းသိရသည်။

ထို့ကြောင့်  တောင်သူများအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ၌ ပိုးသတ်ဆေး၊ ဓါတ်ကြွင်းများမပါအောင် လိုက်နာ ဆောင်ရွက်သင့်သည်များကို လိုက်နာရန်လိုအပ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း တောင်သူများကို စိုက်ပျိုးရေးနည်းပညာများ၊ဗဟုသုတများ၊အသိပညာများ မျှဝေပေးရန်လိုကြောင်းသိရသည်။

လက်ရှိတွင် လယ်ယာထွက်ကုန်ပစ္စည်းမျာကို ထိုင်း၊တရုတ်၊ဂျပန်၊ကိုရီးယား၊စင်္ကါပူ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊အင်ဒိုနီးရှား အပါအဝင် ဥရောပနိုင်များ စသဖြင့် ပို့ဆောင်နေကြောင်းသိရသည်။

လယ်ယာထွက်များတွင် ISO လက်မှတ်ရရှိမည်ဆိုပါက နိုင်ငံတကာသို့တင်ပိုသည့်အခါ ကုန်သွယ်မှူပိုပြီးအားကောင်းလာနိုင်ကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲခန်းတွင် ပြည်ပနိုင်ငံသို့တင်ပို့မည့် ကုန်ပစ္စည်းများအပြင်  ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *