မဏိပူနယ်ကို ရောင်းချနိုင်ခြင်းမရှိသဖြင့်  မျောက်ငိုသီး စျေးကွက်ပျောက်နိုင်

နိုဝင်ဘာ ၁

မျောက်ငိုသီးကို အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် ဘက်သို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသဖြင့် ယခုနှစ်  မျောက်ငိုသီးစျေးကွက်ပျောက်နိုင်ပြီး အဆိုးဆုံးအခြေအနေဖြစ်နေကြောင်း  တမူးနယ်စပ်ကုန်သည်များထံမှသိရသည်။

မျောက်ငိုသီးကို မဏိပူပြည်နယ်တွင်နေထိုင်ကြသော ကသည်းလူမျိုးများကသာ အဓိကဝယ်ယူစားသုံးကြခြင်းဖြစ်ရာ လက်ရှိတွင် နယ်စပ်ဂိတ်ပိတ်ထားခြင်းနှင့် မဏိပူပြည်နယ်တွင် လူမျိုးရေးအထိကရုဏ်းဖြစ်စဥ်ကြောင့် ကသည်းလူမျိုးများ မရှိတော့သည့်အတွက် ပြည်တွင်းထွက်မျောက်ငိုသီး စျေးကွက်ပျောက်ကာ ဒေသခံများ ဒုက္ခရောက်နိုင်ဟုသိရသည်။

” မဏိပူပြည်နယ်(ကသည်းပြည်နယ်ကြီး)တစ်ခုလုံးမျောက်ငိုသီးစားကြတာ ၊အခုကျကသည်းတွေက မလာဘူး၊အရင်က  နယ်စပ်ထိအောင်လာဝယ်ကြတယ်၊ချင်းတွေကလည်း ကသည်းပြည်နယ်ထဲအထိပို့တယ်၊ခုတော့ ကသည်းတွေကလည်းလာမှာမဟုတ်ဘူး၊ချင်းတွေကလည်းသွားရောင်းလို့မရဘူး၊ဒီတော့ မျောက်ငိုသီးက စျေးကွက်ရှိမှာမဟုတ်ဘူး၊မျောက်ငိုသီးစား သုံးတာ ကသည်းပြည်နယ်ကြီးတစ်ခုလုံးသုံးတာကိုး ” ဟု တမူးနယ်စပ်ကုန်သည်တစ်ဦးမှပြောပြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် မဖြစ်ပွားမှီ ၂၀၂၀ ခုနှစ်အစောပိုင်းက မျောက်ငိုသီးအတောင့် ၁၀၀ ကို အိန္ဒိယ ရူပီငွေ ၈၀၀ မှ ၁၀၀၀ ကြားရရှိခဲ့သော်လည်း ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များပိတ်လိုက်ပြီးနောက် စျေးများထိုးကျသွားခဲ့ကာ ယခင်နှစ်က မျောက်ငိုသီး အတောင့် ၁၀၀ ကို ရူပီးငွေ ၃၀၀ အမြင့်ဆုံး အထိသာရရှိခဲ့ကြဟုသိရသည်။

လက်ရှိနှစ် မျောက်ငိုသီး ရာသီတွင်မူ အဆိုးဆုံးအခြေအနေသို့ရောက်ရှိကာ စျေးကွက်ပင်ပျောက်မည်အနေအထားဖြစ်နေသည်။

“၂၀၂၀ ရှေ့ပိုင်းလောက်တုန်းကတော့ ဝမ်းဂိတ်တို့တူးဂိတ်တို့ ၊နန့်ဖာလုံစျေးတို့ဖွင့်တော့ မြန်မာတွေကစျေးကွက်တင်ရောင်းတယ်၊ကသည်းတွေကတမူးထိအောင်လာဝယ်ကြတယ်၊၂၀၂၀ ကိုဗစ်ဖြစ်တော့ နယ်စပ်ဂိတ်တွေပိတ်တော့ ကိုယ့်လူတွေက ခိုးရောင်းရတော့ သူတို့စျေးနှိမ်တော့ စျေးမရဘူး၊အရင်ကအတောင့်၁၀၀ ကို ရူပီးငွေ ၈၀၀ကနေ ၁၀၀၀ရတယ်၊ အခု မနှစ်ကဆို အတောင့် ၁၀၀ ကိုရူပီးငွေ ၂၀၀ ၃၀၀လောက်ပဲရှိတယ်၊ခုနှစ်ကတော့ပိုဆိုးတာပေါ၊ဟိုဘက်က ကသည်းကလည်းနယ်စပ်ထိအောင်လာမရတော့ စျေးကွက်ကပျောက်နိုင်တာပေါ့။” ဟု ကလေးဒေသခံ ကိုဇော်မျိုး မှပြောသည်။

မျောက်ငိုသီးသည် ချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ တမူး မြို့နှင့်ကလေးမြိူ့တို့မှသာ အဓိကစိုက်ပျိုး ထွက်ရှိခြင်းဖြစ်ပြီး ကသည်းလူမျိုးများအပေါ်မူတည်၍အဓိကရောင်းချရခြင်းဖြစ်သောကြောင့် လက်ရှိကာလသည့် စျေးကွက်ပင်မရှိဖြစ်နိင်ဟု ကုန်သည်များကသုံးသပ်ကြခြင်းဖြ်သည်။

ချင်းပြည်နယ်မှ မျောက်ငိုသီးများသည် ယခုနိုဝင်ဘာလ အတွင်း ထွက်ရှိမည်ဖြစ်ပြီး တမူးနှင့်ကလေးမြို့ မျောက်ငိုသီးက ၁၂ လပိုင်းတွင်ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

မျောက်ငိုသီးကို ပြည်တွင်းစားသုံးမှု အနေဖြင့် အနည်းငယ်သာရှိကြောင်း ၊ပြည်တွင်း၌ မျောက်ငိုသီးကိုကို အစေ့ထုတ်ပြီး  ဆားရည်စိမ် ရောင်းချတာရှိသလို အသင့်စားပုံစံလည်းရှိကြောင်း ၊ အစေ့ချောက်ဟူ၍လည်း ရောင်းချမှုရှိဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *