နိုင်ငံတော်သို့ အရန်ဆန်ပေးသွင်းရန် MRF မှမူဝါဒ ဖြေလျော့ပြောင်းလဲသတ်မှတ်

နိုဝင်ဘာ ၇

နိုင်ငံအတွင်း သဘာဝဘေး အန္တရယ်ကြုံပါက အများပြည်သူကို လျှင်မြန်စွာ ထောက်ပံပေးရန် ထားရှိမည့် နိုင်ငံတော် အရန်ဆန်အစီစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)က မူဝါဒ ပြောင်းလဲဖြေလျော့ သတ်မှတ် လိုက်သည်။

ယခုနှစ် မိုးရာသီတွင် ပြည်ပသို့ ဆန်တစ်တန်တင်ပို့ရောင်းချမည်ဆိုပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ အရန်ဆန်အဖြစ်ထားရှိရန် ဆန်တစ်အိတ် ရောင်းချပေးရသော်လည်း ယခုလမှစတင်ပြီး ဆန်၃တန်လျှင် ၁အိတ်နှုန်းသာ ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

” အရန်ဆန်တစ်အိတ်ပေးသွင်းရမယ်ဆိုတာက  ရောင်းပေးရတာပါ၊ အလကားပေးရတာ မဟုတ်ပါဘူး၊ နားလည်မှု လွဲမှာစိုးလို့ပါ၊ဈေးကတော့တစ်လတစ်ကြိမ် ထုတ်ပါတယ် ” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင် မှပြော သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရယ် ကျရောက်နိုင်မှု ဒုတိယအများဆုံး နိုင်ငံများတွင် ပါဝင်နေသဖြင့် အရန်ဆန်ထားရှိရေးအစီစဉ်က မရှိမဖြစ်လိုအပ်ကြောင်း ၎င်းကဆိုသည်။

MRF ၏ အသိပေးချက်တွင် ပေးသွင်းမည့် ၃ တန် ၁ အိတ် အရန်ဆန်များ၏ ၄ ပုံ ၁ ပုံဖြစ်သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သိုလှောင်ရုံဆီသို့ တပတ်အတွင်း ပေးသွင်းဆောင်ရွက်ရမည်ဟု ဖေါ်ပြထားသည်။ ကျန် အရန်ဆန် ၄ ပုံ ၄ ပုံဖြစ်သည့် ၇၅ ရာခိုင်နှုန်းကိုမူ Earmark စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက် သတ်မှတ်ပုံစံများနှင့်အညီ ကုမ္ပဏီများမှ လျှောက်ထားတင်ပြရမည်

လက်ရှိတွင် အရန်ဆန်ပေးသွင်းမှုအပေါ် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ် ဈေးနှုန်းကို ယခုနိုဝင်ဘာလအတွက် တစ်အိတ်လျှင်  ၆၂၀၀၀ ကျပ် သတ်မှတ်ဆောင်ရွက် သွားမည်ဟု သိရသည်။

” လိုင်စင်လျှောက် တာနဲ့ အရံဆန်ပေးဖို့ ပါတပါတည်း လုပ်ရမယ့်သဘောရှိတယ်၊ ခုလမှစမှာဆိုတော့ သေသေချာချာ မပြောတတ်သေးဘူး၊ ဈေးကတော့ အခုကတော့ ၆၂၀၀၀ လို့သိရတယ် ” ဟု ဆန်ကုန်သည်တစ်ဦးမှပြောသည်။

အဆိုပါ အရန်ဆန်ပေးသွင်းရမည့်အစီအစဉ်ကို  နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး Pre-License Inspection စစ်ဆေးပြီးသည့်  ကုမ္ပဏီများအားလုံး ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို တင်ပြလျှောက်ထားကြရမည်ဟုသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ  ဆန်ဈေးမြင့်တက်ခဲ့ချိန်တွင် MRF သည် ရန်ကုန်တိုင်းတွင်  အရန်ဆန်များကို ထုတ် ရောင်းပေးခဲ့ ခြင်းမျိုးရှိခဲ့သည်။လက်ရှိတွင် ပြည်ပကို ဆန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင် နိုင်ငံအပါအဝင် ပြည် ပနိုင်ငံ ၂၀ ကျော်ကို ရေကြောင်းမှ တဆင့်တင်ပို့မှုရှိနေသော်လည်း နယ်စပ်အခြေအနေများကြောင့် တရုတ်နိုင်ငံကို တင်ပို့နိုင်ခြင်းမရှိကြောင်းသိရသည်။ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တင်ပို့မှုလျော့ ကျနိုင်ကြောင်း ဆန်ကုန်သည်များမှခန့်မှန်းထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *