ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ အသိပေး

နိုဝင်ဘာ ၁၅


ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော  လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ နောက် ၆ နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ မုန်တိုင်း ငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ထုတ်ပြန်မှုအရသိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံကို ဝင်ရောက်ဖြတ်သန်းနိုင်ခြင်းမရှိနိုင်သော်လည်း မုန်တိုင်းအရှိန်ကြောင့် အခါလွန်မိုးရွာသွန်း နိုင်သည့်အပြင် ပင်လယ်ပြင်တွင်လည်း မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်းသိရသည်။

“မုန်တိုင်းက ဘင်္ဂလား ဒေ့ရှ်ကိုဝင်မယ်လို့လည်းပြောလို့မရဘူး ပင်လယ်မှာပဲ ပျက်ချင်လည်း ပျက်သွားနိုင်တာ ပေါ့ မုန်တိုင်းဝင်မယ်ဆိုတာကိုပဲပြောချင်တာပေါ့အဲ့ဒီမုန်တိုင်းက မြန်မာပြည်ဘက်ကိုတော့မဝင်ဘူးပေါ့၊ သို့သော် မိုးရွာတာအခါလွန်မိုးတွေရွာနိုင်တာတော့ရှိပါတယ်၊ဒီရာသီကဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် မိုးရာသီ လောက်တော့မုန်တိုင်းအရှိန်ကြောင့်မများနိုင်ဘူး၊သို့သော်လည်းမုတ်သုံကာလမဟုတ်တဲ့အတွက်ရွာတဲ့မိုးကတော့ မုန်တိုင်းမိုးဖြစ်တော့အသင့်တင့်လောက်တော့ရနိုင်တယ် ” မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးလှထွန်းကပြောသည်။

မုန်တိုင်းအရှိန်ကြောင့်  မိုးအများဆုံးရွာသွန်းနိုင်သည့်ဒေသများမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုအနေဖြင့် ပင်လယ်ပြင်၌သာ ဖြစ်ပေါ်နိုင်ကြောင်း သိ ရသည်။

အလားတူ မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်များကို ခန့်မှန်းထုတ်ပြန်ပေးနေသည့် ဦးဝင်နိုင်မှလည်း အဆိုပါ မုန်တိုင်းကြောင့် မိုးရွာနိုင်ပြီး မိုးသက်လေပြင်းကျရောက်နိုင်ကြောင်းပြောဆိုထားသည်။

မုန်တိုင်းအဖြစ်ရောက်ရှိပြီးနောက်  နိုဝင်ဘာလ ၁၇ ရက်နေ့မှ  ၁၉ ရက်နေ့အထိ  ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေ သမှ စပြီး ဧရာဝတီမြစ်တလျှောက်၊ ချင်းတွင်းမြစ်တလျှောက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးသက်လြေ ပင်းများ ကျရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေတို့တွင် မိုးသက်လေပြင်များကျရောက်ပြီး မိုးများနိုင်ဟု ခနိ့မှန်းထားသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လေပြင်းများကျရောက်နိုင်ပြီး နေရာကွက်ကာ မိုးထစ်ချုန်းရွာနိုင်ဟု ခန့်မှန်းထားသည်။လေပြင်းတိုက်ခတ်ချိန်သည်  တစ်နာရီ ၁၅ မိုင်မှ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး ကမ်းနီးပင်လယ်ပြင်များမှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်အထိ ရှိနိုင်ကြောင်း ဦးဝင်နိုင်မှခန့်မှန်းထားသည်။

မုန်တိုင်းငယ်သည် နိုဝင်ဘာလ၁၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အင်ဒရာပရာ ဒေ့ရှ် ကမ်းလွန်တွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး ယင်းမှတစ်ဆင့် မြောက်- အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ နိုဝင်ဘာလ ၁၇  ရက်နေ့တွင် ဘင်္ဂလားပင် လယ ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿကမ်းလွန် သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

Chit Khon Cho (AMIA )

Leave a Reply

Your email address will not be published. Required fields are marked *