ငွေလဲနှုန်း မူဝါဒကြောင့် ပြည်ပပြောင်းတင်ပို့မှု လျော့ကျပြီး ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရနေရဟုဆို

နိုဝင်ဘာ ၁၉


ငွေလဲနှုန်းမူဝါဒကြောင့် ပြည်ပသို့ ပြောင်းဆန်တင်ပို့နိုင်မှု လျော့နည်းပြီး ပြည်တွင်း ဈေးကွက်ကို သာ အဓိက ထားရောင်းချနေရကြောင်း ကုန်သည်များကပြောသည်။
တရုတ်နိုင်ငံအပါအဝင် ဖိလစ်ပိုင် နိုင်ငံကို မြန်မာ့ပြောင်းဆန်တင်ပို့ရာတွင် ရရှိသည့် ဈေးနူန်းနှင့် မြန်မာနိုင်ငံ၏ ဗဟိုဘဏ် သတ်မှတ်ချက် မူဝါဒဖြစ်သည့် ပို့ကုန်ရငွေ  ၅၀ ရာခိုင်နူန်းကို သတ်မှတ်ငွေကြေးဖြင့် ပြန်လည် လဲ လှယ်ရမည့်စနစ်ကြောင့် အကျိုးအမြတ်မရှိသဖြင့်  ပို့ကုန်လုပ်ငန်းရှင်များသည် ပြည်ပသို့ ပြောင်းဆန် တန်ချိန် ပမာဏများစွာ တင်ပို့နိုင်ခြင်းမရှိကြာင်း ၎င်းတို့က ဆိုသည်။ထို့ကြောင့် ပြည်တွင်းရှိမွေးမြူရေး အစာစက်ရုံ များ နှင့် မွေးမြူရေးလုပ်ကိုင်သူများအား အဓိကရောင်းချနေရသော်လည်း အသုံးပြုမှုပမာဏ နည်းသဖြင့် ဈေးကွက် အေးနေသည်။
” မြန်မာဘက်ကမူဝါဒနဲ့ဆိုတော့ တရုတ်ပြည်လဲအခွန်ဆောင်ရရင်မကိုက်ဘူး၊ပင်လယ်ဆိပ်ကမ်းကလည်း  ပို့လိုမရဘူးပေါ့ ၊ ပို့လိုရရင်ပို့မှာပေါ့။ ဈေးမကိုက်ဘူးပေါ့။ အခုကတော့ ကမ္ဘာ့ဈေးလည်းကျတယ် ငွလဲနှုန်း မူဝါဒကလည်း ၅၀ ၊၅၀ ထိန်းချုပ်ထားတော့ ဈေးက မတက်နိုင်ဘူးပေါ့။ ” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးမှပြောသည်။
လက်ရှိတွင် ပြောင်းဆန်ကို တရုတ်ပြည်တင်ပို့ရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား – တာလော့ဂိတ်မှ တင်ပို့နေခြင်းဖြစ်ပြီး တစ်ရက်လျှင် ပြောင်းတန်ချိန် ၁၀၀ နီးပါးသာ တင်ပို့နိုင်သလို ရေကြောင်းကနေ  ဖိလစ်ပိုင် ကိုတင်ပို့ရောင်းချမှုကလည်း လျော့ကျနေကြောင်းသိရသည်။
” မနှစ်က ကမ္ဘာ့ပြောင်းဈေးက ယူကရိန်းစစ်နဲ့အရမ်းတက်သွားတာဖြစ်လို့ ဒီဘက်မှာ မူဝါဒအရဖိထား လည်းပို့ လို့ရသေးတယ်၊ အခုကျတော့ ပြောင်းဈေးက ပင်ကိုဈေးကိုပြန်ရောက်လာတော့ မူဝါဒဖိနှိပ်ထားတာနဲ့ကျ တော့ ပို့လို့မရတော့ဘူးပေါ့ ” ဟု ၎င်းမှ ထပ်မံပြောပြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာလတွင် ဖိလစ်ပိုင်ကို ပြောင်းဆန်တန်ချိန် သိန်းဂဏန်းအထိတင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်မူ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းဆန် တန်ချိန် ၈၉၀၀ ကျော်သာတင်ပို့နိုင်ခဲ့ ကြောင်း ၊ တရုတ်နိုင်ငံကိုလည်း ပြောင်းတန်ချိန် ၅၉၂၀ ဝန်းကျင်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ပြောင်းဆန် ဈေးသည် တရုတ်ဘက်တွင် တစ်တန်ကို ယွမ် ၂၁၀၀ မှ ၂၂၀၀ ကျပ် ဝန်းရှိပြီး ပြည်တွင်း ဈေးကွက်တွင် ပြောင်းဆန်ဈေးသည် ရန်ကုန်တွင် တစ်ပိသာလျှင် ၁၀၆၀ မှ ၁၁၀၀ကျပ် ရှိပြီး မန္တလေး ဈေး ကွက် တွင် ၉၇၀ ကျပ်၊ ရှမ်းပြည်နယ် တွင် ၈၀၀ မှ ၉၀၀ ကျပ် အထိသာအများဆုံး ဈေးရကြောင်းသိရ သည်။
မြန်မာ့ ပြောင်းကို ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် ကာလကုန်ဆုံးသည့် သြဂုတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှစပြီး ပြောင်းတင်ပို့မှုလျော့ကျခဲ့သလို ပြောင်းဈေးသည်လည်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ပြောင်းကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးပြီး ကျန်သည့် မကွေးတိုင်း ၊ စစ်ကိုင်းတိုင်းအပါအဝင် အခြားဒေသများ၌လည်း စိုက်ပျိုးမှုရှိကြောင်းသိရသည်။

 Chit Khon Cho (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *