ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးပြန်မြင့်လာသော်လည်း ပဲစင်းငုံဈေးအနည်းငယ်ကျလာ

နိုဝင်ဘာ ၁၉


အိန္ဒိယ နိုင်ငံမှဝယ်လိုအားရှိနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း ၃ရာခိုင်နှုန်းခန့် ပြန် လည်မြင့် တက်လာ သော်လည်း ပဲစင်းငုံဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာကြောင်း ပဲကုန်သည် အချို့က ပြောသည်။
နိုဝင်ဘာ ပထမပတ်တွင်   မတ်ပဲဈေးကွက်သည် FAQ  တစ်တန်ကျပ် ၂၈ သိန်း ကျော်သို့ ဈေးကျသွားခဲ့ပြီး  တတိယအပတ်တွင် ဈေးပြန်တက်လာကာ မတ်ပဲ FAQ တစ်တန်ကို ကျပ်၂၉ သိန်း ပြန်ဖြစ်သကဲ့သို့ FOB ဈေးနူန်းသည် လည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၆၀ မှ ၁၀၈၀ ဈေးဖွင့်သည်။ပြည်တွင်းဈေး ကွက် တွင် မတ်ပဲဈေးနှုန်းက တစ်တန်ကို ကျပ်တစ်သိန်းကျော်မြင့် တက်ခြင်းဖြစ်သည်။
” မတ်ပဲက ရောင်းသူကို သိပ်မရှိတော့ဘူး။လက်ကျန်ကလည်းနည်းနေပြီလေ၊ လာရောင်းသမျှလည်း ရန်ကုန် ကုန်သည်တွေက အဝယ်လိုက်တယ်၊ ခုဈေးတွေက အမြင့်ဆုံးတွေဖြစ်နေတော့ ရောင်းကြတယ်၊ ” ဟု ဟင်္သါတကုန်သည်ဒိုင်မှတာဝန်ရှိသူတစ်ဦးမှပြောပြသည်။
မတ်ပဲဈေးသည် လက်ရှိနယ် ဈေးကွက်တွင် ပိဿ ၂၀ တစ်တင်းကို ၉၂၅၀၀ ကျပ်ဝန်းကျင်ရှိပြီး မျိုးအဖြစ် ရောင်း ချရာတွင် ပိဿာ ၂၀ တစ်တင်းကို ၁၁၀၀၀၀ ကျပ်အထိဈေးရရှိနေကြောင်းသိရသည်။ပြီးခဲ့သည့် မတ် ပဲပဲစိုက်ရာသီတွင် မတ်ပဲစိုက်ခင်းများတွင် ပိုးများကျရောက်ခဲ့သဖြင့်  အထွက်နူန်းများ လျော့ကျခဲ့သဖြင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်းသိရသည်။
မတ်ပဲကို လာမည့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းရလေ့ ရှိကြောင်းသိရသည်။ပဲစဉ်းငုံနီအသစ်များကတော့ နိုဝင်ဘာလထဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ရိတ် သိမ်း ရတော့မည်ဖြစ်ကြောင်းသိရသည်။
မတ်ပဲဈေးမြင့်တက်သော်လည်း မိုးရာသီ စိုက်ပျိုးသည့် ပဲစဉ်းငုံနီအသစ်များ   မကြာမီ ဈေးကွက်အတွင်းသို့ ဝင်လာမည်ဖြစ်သောကြောင့် ပဲစဉ်းငုံနီဈေးတန်းသည် အကျဘက်ကိုဦးတည်လာခြင်းဖြစ်သော်လည်း သိန်း ၃၀ အောက်ထိ ကျဆင်းနိုင်သည့် အခြေအနေမရှိကြောင်း ကုန်သည်များမှ သုံးသပ်ထားသည်။
ပဲစဉ်းငုံနီဈေးကွက်သည် နိုဝင်ဘာလ ၄ ရက်နေ့မတိုင်မီက တစ်တန်ကို သိန်း ၄၀ နှင့် ၇၅၀၀၀ ကျပ်ထိရှိခဲ့ပြီး ယင်းနောက်တွင် ၃၉ သိန်း သို့ ဈေးကျဆင်းခဲ့ပြီး လက်ရှိတွင် တစ်တန်ကို ၃၂သိန်း ၅၀၀၀၀ ကျပ်အထိ ထပ်မံကျဆင်းလာနေကြောင်း ကုန်စည်ဒိုင်များမှသိရသည်။
 “ အသစ်တွေ ပေါ်တော့မှာဆိုတော့ဈေးက ကျလာတဲ့သဘောရှိတယ်။   ကျလည်း သိန်း ၃၀ အောက်ထိတော့ ထပ်မကျနိုင်ဘူး ။ အိန္ဒိယဘက်က ပဲလိုအပ်ချက်ကရှိနေတုန်းပဲ။ မတ်ပဲလည်း အဲ့လိုပဲ ဈေးတန်းကအရမ်းမကျ နိုင်ဘူး။ ” မှ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌဦးအောင်မိုးကပြောသည်။
ယခုနှစ် မိုးရာသီ ပဲစဉ်းငုံနီ စိုက်ပျိုးမှုအနေဖြင့်လည်း  စိုက်ဧကလျော့ကျမှုရှိခဲ့သဖြင့် အထွက်နူန်း လျော့နိုင်ပြီး အိန္ဒိယဘက်မှလည်း ပဲလိုအပ်ချက်ရှိသောကြောင့်  ဈေးတန်းအများကြီး ကျဆင်းနိုင်ဖွယ်မရှိခြင်းဖြစ် ဟုသိရ သည်။
မတ်ပဲနှင့် ပဲစဉ်းငုံများကို အိန္ဒိယ နိုင်ငံကိုသာအဓိကတင်ပို့ရခြင်းဖြစ်ပြီး လက်ရှိတွင်  အိန္ဒိယအစိုးရက မြန်မာ့ မတ်ပဲနှင့်ပဲစဉ်းငုံကို အခွန်ကင်းလွတ်ခွင့်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားဟုသိရသည်။မတ်ပဲနှင့် ပဲစဉ်းငုံနီသည် အိန္ဒိယ နိုင်ငံကိုသာ အဓိကတင်ပို့ ရခြင်း ဖြစ် သည့် အတွက် အိန္ဒိယမှဝယ်လိုအား ကျပါက ဈေးကျနိုင်ပြီး ဝယ်လိုအားကောင်းပါက ဈေးနူန်း မြင့်တက်လာ မည်ဖြစ်ကြောင်းသိရသည်

Chit Khon Cho (AMIA) 

Leave a Reply

Your email address will not be published. Required fields are marked *