တရုတ်ကိုတင်ပို့မှုရှိပြီး နိုင်ငံခြားငွေအပြောင်းအလဲကြောင့် မြေပဲဆံစျေးကွက်ပြန်တက်လာ

ပြည်တွင်း မြေပဲဆံစျေးနူန်းတွေ ဒီဇင်ဘာလထဲမှာ ပြန်လည် မြင့်တက်လာပြီး တစ်ပိဿာကို ၆၀၀၀ ကျော်အထိ ပြန်ရောက်လာတယ်လို့ကုန်သည်တွေဆီ သိရပါတယ်။

ပြည်တွင်း  ကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲအနီဆံတစ်ပိဿာကို ၆၀၀၀ မှ ၆၃၀၀ ကျပ်၊ မြေပဲအဖြူလုံးဆံက ၅၆၀၀ မှ ၅၇၀၀ ကျပ်၊ AK ဆီကြိတ်ခွဲတဲ့မြေပဲဆံအခြမ်းအရောက ၄၃၀၀ ကျပ် စျေးရှိပြီး မြေပဲအတောင့်စျေးက ၂၅ ပေါင်ကို ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်အထိစျေးပေါက်လာ တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက မြေပဲဆံတစ်ပိဿာကို ၅၃၀၀ ပတ်ဝန်းကျင်အထိ စျေးကျသွားခဲ့သလို အတောင့်စျေးကလည်း ၂၅ ပေါင်ကိုမှ ၂၀၀၀၀ ကျပ်အထိသာအများဆုံးစျေးရှိခဲ့တာဖြစ်လို့ ဒီဇင်ဘာလမှာဆိုရင် မြေပဲဆံ တစ်ပိဿာကို ၃၀၀ ကနေ  ၇၀၀ ကျပ်လောက် ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

တရုတ်က အဝယ်ရှိလာတဲ့အပြင်ဒေါ်လာငွေစျေးပြောင်းလဲမှုတွေဖြစ်တဲ့ ပို့ကုန်ရငွေကို ၃၅ ရာခိုင်နူန်းသာ ဗဟိုဘဏ်သတ်မှတ်စျေးနဲ့လဲလှယ်ရပြီး ကျန် ၆၅ ရာခိုင်နူန်းကို ပြင်ပဒေါ်လာပေါက်စျေးနဲ့ ရောင်းဝယ်ခွင့်ရရှိတာကြောင့် မြေပဲဆံနဲ့  အတောင့်စျေးအားလုံးပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

“မူဝါဒပြောင်းတာလေ၊ ဒေါ်လာအချိန်းပြောင်းသွားတာရယ် တရုတ်က ဝယ်လိုအားလည်းရှိလာလို့ စုံသွားလို့ စျေးကပါတက်လာတာ၊တရုတ်ကလိုအပ်ချက်ရှိလာလို့ စျေးကတက်တော့မှာ ၊ပုံမှန်ဆို မြေပဲ တစ်ပိဿာကို ပုံမှန်စီးဆင်းမှုက ဒေါ်လာ ၂ ဒေါ်လာရှိတယ်။၂ဒေါ်လာနဲ့ညီမျှတဲ့စျေးထိကိုတက်မယ် ” လို့ မကွေးက မြေပဲခွဲစက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒါကြောင့် တရုတ်ဝယ်လိုအားများတဲ့ မြေပဲအနီလုံးဆံက လက်ရှိပြည်တွင်းစျေးကွက်မှာ  စျေးအမြင့်ဆုံးပြန်ဖြစ်လာပြီး အဖြူလုံးဆံ ၊ ဆီဆံ၊ မြေပဲအတော့စျေး တွေပါ စျေးတန်းပြန်တက်လာပါတယ်။

 မြေပဲဆံနဲ့ မြေပဲအတောင့်စျေးတွေပြန်တက်လာတာကြောင့် တောင်သူတွေကလည်း ရောင်းချမှုရှိသလို ဝယ်လိုအားလည်းရှိနေတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ကတော့လှောင်စရာလည်းနေရာမရှိဘူး၊ငွေကြေးလိုအပ်ချက်လည်းရှိတော့ ပေါ်တာနဲ့ရောင်းရတာပဲ ၊အနီလုံးဆံကတော့ တရုတ်ကိုပို့ရရင်စျေးက တက်လာမှာပဲ ၊နှစ်တိုင်းလည်းသူကစျေးအပေါ်ကပဲ၊ “မြေပဲစိုက် လို့တောင်သူတစ်ဦးကပြောပါတယ်။

မြေပဲဆံအနီက တရုတ်ကိုသာအဓိကတင်ပို့ရပြီး အဖြူလုံးဆံက ပြည်တွင်းစားသုံးမှုနဲ့  ထိုင်းကိုအနည်းငယ်တင်ပို့ရကြောင်း၊ AK မြေပဲအခြမ်းအရောကတော့ ပြည်တွင်းဆီစက်ပိုင်တွေက ဆီကြိတ်ဖို့ဝယ်ယူကြတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာမြေပဲလုံးဆံနီကို ကျိုင်းတုံ မိုင်းလား တာလောဂိတ်ကနေ တရုတ်ဘက်ကို တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *