ငွေလဲနှုန်း မူဝါဒ ဖြေလျော့မှုက ပြည်ပသို့တရားဝင် ရော်ဘာကုန်ကြမ်း တင်ပို့ရေးကို တွန်းအားဖြစ်စေ ဟုပြော

ဒီဇင်ဘာ- ၁၃


နိုင်ငံခြားငွေလဲနှုန်း မူဝါဒ ဖြေလျော့ပေးခြင်းက ပြည်ပသို့ တရားဝင် ရော်ဘာကုန်ကြမ်း တင်ပို့တာကို တွန်းအား တစ်ခုဖြစ်စေပြီး ပို့ကုန်တန်ဖိုးများ မြင့်တက်လာမယ်လို့ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေ အတွင်း ရေးမှူး ဦးခိုင်မြင့်ကပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်း မူဝါဒ အပြောင်းအလဲအရ ရော်ဘာကုန်ကြမ်းတင်ပို့တာကနေ ရရှိတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင် နှုန်းကို ပြည်ပကနေ ဓာတ်မြေဩဇာပြန်လည် တင်သွင်း ရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းထဲကမှ ၆၅ % ကိုပေါက်ဈေး နဲ့ AD လိုင်စင်ရဘဏ်တွေကနေ ရောင်းချပေး ရပြီး ကျန် ၃၅ % ကိုတော့ ဗဟိုဘဏ်ကို ၂၁၀၀ ကျပ်နဲ့ ရောင်းချပေးရမှာဖြစ်ပါတယ်။

ဒ့ကြောင့် မြန်မာ့ရော်ဘာ ပြည်ပကို တရားဝင်တင်ပို့ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်တွေ အဆင်ပြေတဲ့ဈေးကွက် တခု ကိုရရှိလာပြီဖြစ်လို့ ပြည်ပကို ရော်ဘာ တင်ပို့ရေးကို လုပ်ငန်းရှင်များက ပြန်လည်စိတ်ဝင်စားလာတာဖြစ်ပါတယ်။

“အခုတော့ပြည်ပကိုပို့နိုင်တဲ့အခြေအနေရောက်သွားပြီ အရှုံးမပေါ်တော့ဘူး Exporter တွေလုပ်နိုင်ကိုင်နိုင်တဲ့ ဈေးကွက်ဖြစ်လာပြီဒါကြောင့်အခု ရော်ဘာတွေ export ပို့တော့မယ်။အရင်ပို့နေကြနိုင်ငံတွေပဲပို့မှာပါ။ ကျနော် တို့က တရားမဝင် တင်ပို့မှုကိုယှဉ်ပြိုင်နေရတာလေ ၊အခုက တရားဝင်ပို့သူတွေကို အားပေးတဲ့သဘောပါပဲ ” လို့ ဦးခိုင်မြင့်ကရှင်းပြပါတယ်။

ရော်ဘာကုန်ကြမ်း ပြည်ပတင်ပို့တာကနေ ရရှိတဲ့ ပို့ကုန်ရငွေ မူဝါဒ အပြောင်းအလဲ ၇၀ % ၃၀ % စနစ်ကို ဒီဇင်ဘာလဆန်းပိုင်းကတည်းက ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ယခင်က ပို့ကုန်ရငွေ ၅၀ %  ၅၀ % စနစ်ကျင့်သုံးရတဲ့အတွက်  ပြည်ပကို ရော်ဘာ တရားဝင်တင်ပို့တဲ့အခါ တစ်တန်ကို ၈ သိန်းကနေ ၁၀ သိန်း အရှုံးပေါ်ခဲ့လို့ ရော်ဘာတင်ပို့နိုင်မှု ကလျော့ကျခဲ့ပါတယ်။

ဒ့ကြောင့် ရော်ဘာကုန်ကြမ်းတင်ပို့တဲ့လုပ်ငန်းရှင်တွေက ရော်ဘာကဏ္ဍအပေါ် ဖြေလျှော့မှုတွေ လုပ်ပေးဖို့၊ ရော်ဘာတင်ပို့မှု အရှုံးပေါ်နေတာကို ကုစားပေးဖို့ စတဲ့ ရော်ဘာကဏ္ဍ အားကောင်းလာစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ တောင်းဆိုတာတွေလုပ်ခဲ့ရာက ခုလို ၇၀ % ၃၀ % စနစ်ကို အစိုးရက ပြောင်းလဲခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့  ရော်ဘာကို တရုတ်နိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယနိုင်ငံနဲ့ ထိုင်း၊  တရုတ်တိုင်ပေကို ပင်လယ်ရေကြောင်းနဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့ရောင်းချနေတာဖြစ်ပြီး လက်ရှိ မှာတော့ တရုတ်ကိုနယ်စပ်လမ်းကြောင်းကနေ တင်ပို့မှုရပ်နေတယ်လို့သိရပါတယ်။

ရော်ဘာစိုက်ပျိုးတာက တနိုင်ငံလုံးမှာ  စိုက်ဧကအနေနဲ့  ၁ သန်းနဲ့  ၆ သိန်း ကျော်ရှိပြီး ပြည်ပတင်ပို့တာက တနိုင်ငံလုံးရဲ့အထွက်နူန်း ၉၄ ရာခိုင်နူန်းရှိ တယ်လို့သိရပါတယ်။ရော်ဘာစိုက်ပျိုးတဲ့ ဒေသတွေကတော့  တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်တွေမှာ အဓိကစိုက်ပျိုးပြီး ရန်ကုန် ၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင် ပြည်နယ်၊ရှမ်းပြည်နယ်မှာ လည်း စိုက်ပျိုးမှုရှိတယ် လို့သိရပါတယ်။လက်ရှိ ပြည်တွင်းမှာ ရော်ဘာဈေးကွက် ပေါက်ဈေးက ရော်ဘာ တစ်ပေါင်ကို ၁၆၅၀ ကနေ ၁၇၀၀ အထိ ဈေးရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *