တရုတ်ဈေးကွက်ကိုသာ အားထားရသော ပဲတီစိမ်း ဈေးအတက်နည်း

ဒီဇင်ဘာ ၂၇

နိုင်ငံခြား ဝင်ငွေရရှိသော ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ပဲများထဲမှ တစ်မျိုးပါဝင်သော ပဲတီစိမ်းသည် လက် ရှိ တရုတ်ဈေးကွက်တစ်ခုကိုသာ အားထားနေရခြင်းကြောင့် ဈေးနှုန်း မြင့်တက်မှုအားနည်းတယ်လို့ ကုန်သည် အချို့က ပြောပါတယ်။

အိန္ဒိယ နိုင်ငံ၏ ဝယ်အားကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ဦးမော့နေသော်လည်း ဥပရောပဈေးကွက်မှ ဝယ်အား ပျော့နေခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းက မျှော်မှန်းသလောက် ဈေးမရရှိသေးဘူးလို့ ၎င်းတို့ကဆိုပါတယ်။

လက်ရှိ ရန်ကုန် ဝယ်လက်နှင့် တရုတ်မှ ဝယ်လိုအားရှိခြင်းကြောင့် ပဲတီစိမ်း အသစ်နှင့် အဟောင်းဈေးနှုန်းက အနည်းငယ်မြင့်တက်လာပါတယ်။

” အသစ်ကအရောင်လှတယ်၊အရည်အသွေးကောင်းတယ်။ပဲတီစိမ်းက ဥရောပကလည်းသိပ်မဝယ်ဘူး၊ တရုတ် ပဲအားကိုးရလို့ ဈေးကတက်တော့တက်တယ်  သိပ်မတက်တာပေါ့ ” လို့ အောင်လံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင် မိုး ကပြောပါတယ်။

လက်ရှိ မန္တလေး ဈေးကွက်မှာ ပဲတီစိမ်း အညာ ၅၆.၂၅  တစ်အိတ်ကို အသစ်က ၁၆၅၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်ဈေးပေါက်လာပြီး ၅၀၀၀ မှ ၁၀၀၀၀ ကျပ်ဈေးတက်လာသလို   ပဲတီစိမ်း အဟောင်းကလည်း  ၁၄၀၀၀၀ ကျပ်မှ ၁၆၅၀၀၀ ကျပ် ဈေးပေါက်လာတာကြောင့် ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာလည်း ပို့ကုန်ရငွေဖြေလျှော့မှုအပြီး  ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ်မှာ ရှိလာပြီး  ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့   ၃၅၈၀ ကျပ်ရှိရာကနေ တစ်ပိဿာ  ၃၆၆၅  ကျပ်ဈေးပေါက်လာလို့ ၈၅ ကျပ်ထပ်တက်လာပါတယ်။ပဲတီစိမ်း(ဝါးခယ်မ)ကတော့  တစ်ပိဿာကို ၂၈၃၀ ကျပ် မှ ၃၃၃၅  ကျပ်သာရှိတယ် လို့သိရပါတယ်။

ရန်ကုန်တိုင်းမှာသာ စိုက်ပျိုးတဲ့ ပဲတီစိမ်း (ခရမ်းရွှေဝါ ) က လက်ရှိမှာ အဟောင်းလက်ကျန်သာရှိပြီး ပဲအသစ် က ဇန်နဝါရီလကုန်လောက်မှသာ ဆွတ်ခူးရမှာဖြစ်တာကြောင့် ဈေးတန်းကငြိမ်နေတာဖြစ်ပါတယ်။

” ကျွန်တော်တို့ ပဲအသစ်ပေါ်ချိန် ပိဿာ ၂၀ ကို ၆၀၀၀၀ ရပြီး တစ်ဧကကို ၁၅ တင်းလောက်ထွက်ရင်တော့ တွက် ချေကိုက်ပါတယ် ” လို့ ရန်ကုန် ခရမ်းမြို့နယ် မှ ပဲတီစိမ်း စိုက်တောင်သူ ဦးဌေးကပြောပါတယ်။

မန္တလေးဈေးကွက်ကိုတော့ ဆောင်းသီးနှအဖြစ်စိုက်ပျိုးတဲ့  ပဲတီစိမ်း အညာ အသစ်တွေ ဝင်ရောက်နေတာ ကြောင့် တရုတ်ဝယ်လက်တွေကအဝယ်ရှိနေပြီး ဈေးကမြင့်တက်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *