ကြက်သွန်နီတွေ နယ်စုံပေါ်လာလို့ စျေးတွေ ဆက်တိုက်ကျဆင်းလာ

မြန်မာ့ ကြက်သွန်နီတွေ နေရာဒေသအစုံကနေ ထွက်ရှိပြီး ပွဲရုံတွေကို ကြက်သွန်အဝင်များနေတာကြောင့်စျေးနူန်းတွေဆက်တိုက်ကျဆင်းလာနေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်လောက်က ရန်ကုန် ကုန်စည်ဒိုင် မှာနွေ ကြက်သွန်နီအဟောင်း တစ်ပိဿာကို ၅၁၀၀ အထိအမြင့်ဆုံးရှိ မိုးကြက်သွန်အသစ်တစ်ပိဿာကို ၄၈၀၀ ကျပ်အထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကြက်သွန်အဟောင်းကအဝင်မရှိသလောက်နည်းသွားပြီး ကြက်စွန်အသစ်က တစ်ပိဿာကို ၃၅၀၀ ကျပ်စျေးသာရှိတော့လို့ တစ်ပိဿာကို ၁၃၀၀ ကျပ်လောက်အထိ ရန်ကုန်စျေးကွက်မှာ ကျဆင်းသွားပါတယ်။

” အခုက နယ်စုံကနေ ကြက်သွန်တွေပေါ်နေပြီ၊ နယ်စုံပေါ်ရင်ကြက်သွန်စျေးက ကျတတ်စမြဲပါ၊မိုးကြက်သွန်ကနှစ်မကူးခင်ရောင်းထားမှအဆင်ပြေတာ၊ နှစ်ကူးသွားရင် နယ်စုံပေါ်တတ်တယ်လေ ” လို့ ပခုက္ကူက ကြက်သွန်နီကုန်သည် ကိုအောင်ကိုဝင်းက ပြောပါတယ်။

မြင်းခြံ ကုန်စည်ဒိုင်နဲ့ပခုက္ကူကုန်စည်ဒိုင်မှာတော့ မိုးကြက်သွန်အသစ်က တစ်ပိဿာကို ၂၈၀၀ မှ၃၃၀၀ ကျပ်အထိစျေးတန်းရရှိရာကနေ လက်ရှိ နှစ်စပထမပတ်မှာတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်သာရှိတော့သဖြင့်တစ်ပိဿာကို ၈၀၀ မှ ၁၁၀၀ လောက်ကျဆင်းသွားတယ်လို့သိရပါတယ်။

မြင်းခြံ ကုန်စည်ဒိုင်နဲ့ပခုက္ကူကုန်စည်ဒိုင်ကိုကြက်သွန်နီဝင်ရောက်မှုအနေနဲ့ကတော့ နေ့စဥ် ပိဿာချိန် ၃ သိန်းလောက်ဝင်ရောက်မှုရှိနေပြီး အရည်အသွေးကောင်း၊ ပစ္စည်းသန့်တဲ့ ကြက်သွန်တွေကတော့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ကိုတော့နေ့စဥ်ကြက်သွန်ကားအစီးရေ ၂၀ ကနေ ၄၀ ကြားဝင်ရောက်နေတယ်လို့သိရပါတယ်။


ကြက်သွန်နီ အမျိုးအစားထဲမှာ မြစ်သားကြက်သွန်၊ဆိပ်ဖြူကြက်သွန် နဲ့ မြင်းခြံကထွက်တဲ့ ကြက်သွန်နီ ( နဝရတ်)က စျေးကွက်မှာ စျေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။

မိုးကြက်သွန်နီကို သယ်ယူပို့ဆောင်သရိတ်နူတ်ပြီးတစ်ပိဿာကို ၂၀၀၀ ကျပ်ရရှိပါက တောင်သူတွေအတွက်အကျိုးအမြတ်ရရှိနိုင်ပြီး ယင်းပမာဏအောက် ရရှိပါက အကျိုးအမြတ်ရရှိမှုနည်းမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ မိုးကြက်သွန်နုတ်ပြီး ရောင်းချပြီးသူတွေကတော့ ဆောင်းကြက်သွန်ကို စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

#AMIA

#amianews

Leave a Reply

Your email address will not be published. Required fields are marked *