ပြည်တွင်း ဆန်ကြမ်း၊ဆန်ချောစျေးအားလုံး မြင့်တက်

ပြည်တွင်း ဆန်စျေးကွက်မှာ အိတ်စ်ပို့ တင်ပို့တဲ့ ဆန်ကြမ်းအုပ်စုဝင်ဆန်အမျိုးအစားအားလုံး အပါအဝင် ရွှေဘို ပေါ်ဆန်း ၊ ဧရာပဒေသာဆန်စျေးတွေလည်း မြင့်တက်လာနေတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။

ဆန်ကြမ်းအုပ်စုတွေက ၂၄ ပြည်တစ်အိတ်ကို အနိမ့်ဆုံး ၈၅၀၀၀ ကျပ်မှစရှိပြီး ဆန်သားအရည်အသွေးကောင်းပါက တစ်အိတ်ကို ၉၅၀၀၀ ကျပ်အထိပင်ရှိကြောင်း ၊ ဆန်ချောအုပ်စုဝင် ဧရာပဒေသာ ဆန်ကလည်း စိုက်ပျိုးတဲ့နေရာဒေသအပေါ်လိုက်ပြီး ၂၄ ပြည် တစ်အိတ်ကို ၁၅၅၀၀၀ ကျပ်အထိရှိပြီး ရွှေဘိုပေါ်ဆန်းထူးထူးရှယ်ကလည်း ၂၄ ပြည်တစ်အိတ်ကို ၁၆၅၀၀၀ ကျပ်ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တုန်းက ဆန်ကြမ်းတစ်အိတ်ကို ၆၀၀၀၀ ကျပ်ကျော်ရုံ သာရှိခဲ့တာကြောင့် လက်ရှိဇန်နဝါရီလမှာ ဆန်ကြမ်းတစ်အိတ်ကို ၂၀၀၀၀ ကျပ်ကျော်အထိမြင့်တက်လာနေတာဖြစ်ပါတယ်။

” အရင်လတုန်းကဆိုရင် သုခဆို ၆၃၀၀၀ ပဲရှိတယ်၊အခု ၈၉၀၀၀ ရှိတယ်၊အဲ့တော့ ၂၆၀၀၀ လောက်ကိုတက်လာတာ၊တဖြေးဖြေးချင်းတက်လာတာကို ခုကပိုပြီးအတက်ကြမ်းနေတာ၊ဆန်ကြမ်းတွေမတရားတက်တော့ ဆန်ချောကလည်း နည်းနည်းစီလိုက်တက်လာတယ် ” လို့ ရန်ကုန်မြို့က ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

ပြည်ပကို ဆန်တင်ပို့ဖို့အတွက် စာချုပ်ချုပ်ဆိုထားတဲ့ export ကုမ္ပဏီတွေက ဆန်တွေကို အမြင့်စျေးပေးပြီး လိုက်လံဝယ်ယူနေတာကြောင့် ဆန်စျေးက အဆမတန် မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

ဆန်စျေး အတက်ကြမ်းနေတာကြောင့် ဆန်လက်လီလက်ကားရောင်းချတဲ့ ရန်ကုန်အခြေစိုက်ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ဆန်ကိုအိတ်ရေအများအပြားရောင်းချတာမျိုးမလုပ်တော့ပဲ ဖောက်သည်မပျက်ရုံအခြေအနေသာ ရောင်းချနေကြပါတယ်။

ဆန်စျေးအဆမတန်မြင့်တက်လာတဲ့အတွက် ပြည်တွင်းစားသုံးသူတွေကလည်း ဆန်အိတ်တွေကိုကြိုတင်ဝယ်ယူသိုလှောင်တာမျိုးမရှိသလောက်နည်းသွားကာ အခြေအနေကိုစောင့်ကြည့်နေကြတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *