ဖရဲ ကား ၁၂ စီး ရှမ်းမြောက်လားရှိုးကို စမ်းသပ်တင်ပို့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ကို မန္တလေးကနေ  ဖရဲကား အစီးရေ ၁၂ စီးကို စတင်စမ်းသပ်ကာ တင်ပို့ မှု ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် လုပ်ဆောင်ထားတယ်လို့သိရပါတယ်။

ကျောက်မဲတိုးဂိတ် ပြန်လည်ဖွင့်လှစ်နေတာကြောင့် လမ်းကြောင်းအဆင်ပြေမှုရှိမရှိကို သိရှိရန်အတွက် ဒီကနေ့မှာ ဖရဲကားတွေ စမ်းသပ်မောင်းနှင်ပြီး ပစ္စည်းတင်ပို့နေကြတာဖြစ်တယ်လို့သိရပါတယ်။

” ကျောက်မဲ တိုးဂိတ်ပြန်ဖွင့်နေပြီ ဆိုတော့ ဖရဲသီးကုန်တွေပါတဲ့ကားတွေ လားရှိုးကို စမ်းလွှတ်တဲ့သဘောပါ။ဘယ်သူကသွားလို့ရပါပြီ ဘာညာပြောလို့လည်းမဟုတ်ပါဘူး။စမ်းသပ်ပို့တဲ့သဘောပါ။ လမ်းကြောင်းအဆင်ပြေမပြေပေါ့။ အရင်ကလားရှိုးအထိကို သွားရဖို့က တော်တော်မလွယ်တာလေ၊ အခုက ဂိတ်တွေပြန်ဖွင့်ပြီဆိုတော့ စမ်းပို့ကြည့်တာပါ ” လို့ ဖရဲကုန်သည်တစ်ဦးပြောပါတယ်။

အကယ်၍ လားရှိုးအထိ ဖရဲကားတွေ သွားလာနိုင်မှု လမ်းကြောင်းတလျှောက်အဆင်ပြေချောမွေ့ပါက ကုန်သွယ်မှုလမ်းကြောင်းပြန်ကောင်းလာနိုင်တဲ့အတွက်  မူဆယ် အထိပါ လမ်းကြောင်းပြန်ပွင့်နိုင်ဖို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

လက်ရှိမှာတော့ ဖရဲစျေးကွက်က ရောင်းလိုအားနဲ့ဝယ်လိုအားမမျှတာကြောင့်  အကျဘက်ကို သွားနေပြီး မိုင်းလားကနေ တရုတ်ကို တင်ပို့ရာမှာလည်း ၈၅၅ ဖရဲနဲ့ ထျန့်ဝမ် အစေ့မဲဖရဲကိုသာ တင်ပို့နေပြီး ဈေးတန်းမှာ ၈၅၅ က တစ်ကီကို ၂ ယွမ်မှ ၂.၈ ယွမ်သာရရှိပြီး ထျန့်ဝမ် အစေ့မဲဖရဲက တစ်ကီလိုကို ၁.၈ ယွမ်မှ ၂.၄ ယွမ်သာရရှိနေတယ်လို့သိရပါတယ်။

” တရုတ်က အရည်အသွေးမကောင်းတာဆို လုံးဝမဝယ်ဘူး။ရောဂါအဖြစ်မခံဘူး။ ကိုယ့်ဘက်ကအသီးတွေက ကိုယ့်ဆီတော့ အကောင်းဆုံးလို့ယူဆပေမယ့် သူတို့အတွက်ကျ ကြိုက်ချင်မှကြိုက်တာ၊အရည်အသွေးမကောင်းတော့ အဝယ်မရှိဘူး ၊စျေးလည်းမရဘူး။ပြီးတော့ ရောင်းလိုအား ဝယ်လိုအား မမျှဘူး ၊ရန်ကုန်စျေးကွက်လည်း အဝယ်မရှိဘူး ” လို့ ဖရဲကုန်သည် ကိုသစ္စာကပြောပါတယ်။

လက်ရှိ ရန်ကုန်စျေးကွက်မှာလည်း ဖရဲကားအဝင်များနေပြီး ဖြုန်းအားက တရက်မှ ၂ စီးလောက်ပင် မရှိကြောင်း ဝယ်လိုအား နည်းနေတဲ့အပြင် ဖရဲသီးစျေးကလည်း ဖရဲသီးအမျိုးအစားပေါ်လိုက်ပြီး အစီးပြတ်ကို  သိန်း ၂၅ သိန်းမှ ၄၈ သိန်းသာရှိတယ်လို့ သိရပါတယ်။

ခုရာသီဟာ ဖရဲသီး လိူင်လိူင်ပေါ်တဲ့ရာသီဖြစ်တာကတကြောင်း ၊ ဖရဲသီး စိုက်ဧကများပြီး ထွက်နူန်းနဲ့ ဝယ်လိုအားမမျှတာကတကြောင်း ၊ အရည်အသွေး မကောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးပိုင်း ကြန့်ကြာခြင်း စတဲ့အခက်အခဲတွေကြောင့် ဖရဲစျေးကွက် ကျဆင်းနေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *