တရုတ်ဝယ်လိုအားကောင်းတဲ့ ရန်ကုန်တိုင်းက ပဲတီစိမ်းခရမ်းရွှေဝါတစ်တင်းကို ၈၁၀၀၀ ကျပ်အမြင့်စျေးနဲ့ ပွဲရုံတွေစျေးဖွင့်ဝယ်ယူ

ရန်ကုန်တိုင်းမှာသာ အဓိက စိုက်ပျိုးပြီး တရုတ်ဝယ်လက်တွေ စိတ်ဝင်စားတဲ့ ပဲတီစိမ်း ခရမ်းရွှေဝါစျေးနှုန်းမြင့်တက်လာရာ ပိဿာ ၂၀ တစ်တင်းကို ၈၁၀၀၀ ကျပ် စျေးဖွင့်လာတယ်လို့ တောင်သူတွေဆီကသိရပါတယ်။

လက်ရှိ ပဲတီစိမ်းခရမ်းရွှေဝါကို ခရမ်း ၊ သုံးခွ မြို့နယ်ဘက်မှာ စတင်ခူးဆွတ်နေပြီဖြစ်တာကြောင့် ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံတွေကို ၈၁၀၀၀ ကျပ်နှုန်းနဲ့ စျေးစတင်ဖွင့်ကာ ဝယ်ယူလာကြတာဖြစ်တယ်လို့သိရပါတယ်။

” ခရမ်းမှာ ပဲတွေစခူးနေပြီ၊ အနည်းငယ်ပေါ့။ စျေးကတော့ ထင်မထားလောက်ကို ဖြစ်လာတယ်။အဖွင့်စျေးကကို မြင့်နေတယ်။ မနှစ်က အဖွင့်စျေးထက်ပိုတယ်။ မနှစ်က ပဲ စခူးခူးပြီးခြင်း ရောင်းလိုက်တော့ စျေးနည်းသွားလို့အခုတော့စျေးအတက်ခဏထပ်စောင့်ပြီးမှရောင်းမယ် ” လို့ ခရမ်းမြို့နယ်က ပဲတီစိမ်းစိုက်တောင်သူ ဦးဌေးကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ပဲတီစိမ်းစိုက်ပျိုးမှုက အရင်နှစ်ထက်လျော့နည်းခဲ့သလို ရာသီဥတုအခြေအနေကလည်းမိုးများခဲ့တာကြောင့် ပဲအထွက်နှုန်း လျော့ကျနိုင်တဲ့အတွက် ပဲတီစိမ်း စျေးက ခုဖြစ်ပေါ်နေတဲ့စျေးနှုန်းထက်ပိုပြီးတက်လာနိုင်တယ်လို့လည်း တောင်သူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ ပဲတီစိမ်းခရမ်းရွှေဝါ အဖွင့်စျေးက ပိဿာ ၂၀ တစ်တင်းကို ၆၃၀၀၀ ကျပ်သာရှိခဲ့ပြီး အခုနှစ် ပဲတီစိမ်း ခရမ်းရွှေဝါ ရာသီအဖွင့်စျေးက ၈၁၀၀၀ ကျပ်ရှိလို့ မနှစ်ကအဖွင့်စျေးထက်  ၂၀၀၀၀ လောက်မြင့်တက်လာတာဖြစ်ပါတယ်။

” ကျွန်တော် တို့က တစ်တင်း ၆၅၀၀၀ လောက်ရရင် ကျေနပ်ပြီဆိုတဲ့ အတွေးနဲ့ စိုက်ခဲ့ကြတာ၊အခု ၈၀၀၀၀ ကျော်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ မိုးဖျက်လို့ စိုက်ဧကတွေပျက်စီးလို့ အထွက်နှုန်းကတော့လျော့နိုင်တယ်။ ” လို့ ခရမ်းမြို့နယ် ပဲတီစိမ်း စိုက်တောင်သူ နောက်ထပ်တစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းထဲ စိုက်ပျိုးတဲ့ ပဲတီစိမ်းရွှေဝါက အရည်အသွေးကောင်းပြီး အရောင်လှတာကြောင့်  ပြည်တွင်းမှာစိုက်ပျိုးတဲ့ ပဲတီစိမ်းမျိုးတွေထက် စျေးတန်းအမြင့်ဆုံးနဲ့ ပဲအသစ်တွေ စတင်ပေါ်ချိန်မှာ  စျေးကွက်ဝယ်လိုအားကောင်းဆုံး ဖြစ်တယ်လို့သိရပါတယ်။ 

ပဲတီစိမ်း ခရမ်းရွှေဝါ စျေးတက်လာသလို ပဲခူးတိုင်းမှာစိုက်တဲ့ ပဲခူးရွှေဝါစျေးလည်း တက်လာတာ တွေ့ရပါတယ်။

လက်ရှိ ရန်ကုန်ဘုရင့်နောင်  စျေးကွက်မှာ  ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၃၉၁၅ ကထပ်ဖြစ်လာပြီး  ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၇၅၀  ကျပ်ရှိပြီး ပဲတီစိမ်း ဝါးခယ်မကတော့ တစ်ပိဿာကို ၃၀၈၀ မှ ၃၄၂၀ ကျပ်စျေးတန်းမှာငြိမ်နေပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *