တရုတ်နှစ်သစ်ကူး နီးလာတဲ့အတွက် တရုတ်ဈေးကွက်မှာ ဖရဲသီးဈေးတွေ ပြန်လည်မြင့်တက်လာ

တရုတ်နှစ်သစ်ကူး နီးလာတဲ့အတွက် တရုတ်ဈေးကွက်မှာ ဖရဲသီးဈေးတွေ ပြန်လည်မြင့်တက်လာပြီး ဝယ်လိုအားလည်း ကောင်းနေတယ်လို့ ကုန်သည်တွေဆီကနေ သတင်းရရှိပါတယ်။

လက်ရှိမှာ ဖရဲကားတစ်စီးကို ဖရဲသီးအလုံးရေ ၉၀၀ မှ ၁၀၀၀ ကြားပါတဲ့ 855 ဖရဲက တစ်ကီလိုကို တရုတ်ငွေ ၂.၅ မှ  ၃.၅ ယွမ်အထိ စျေးရရှိနေပြီး ထျန့်ဝမ် အစေ့မဲ့ဖရဲကတော့ အသီးအရည်အသွေးပေါ်လိုက်ပြီး အစီးပြတ်ရောင်းချတာများကြောင်း အစီးပြတ်က ယွမ် ၂၅၀၀၀ ကနေ ၃၈၀၀၀ လောက်အထိရတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်လောက်က တရုတ်စျေးကွက်မှာ 855 ဖရဲ တစ်ကီလိုကို ၂.၇ ယွမ်သာရှိခဲ့ပြီးထျန့်ဝမ်ဖရဲက အစီးပြတ်ကို ၂၅၀၀၀ မှ ၃၆၀၀၀ ယွမ်သာရှိခဲ့တာကြောင့် တစ်ပတ်အတွင်း 855 တစ်ကီလိုကို ၀.၈ ယွမ်တက်လာပြီး ထျန့်ဝမ်ဖရဲက ယွမ် ၂၀၀၀ တက်လာပါတယ်။ 

” နှစ်သစ်ကူးနားနီးလို့ နည်းနည်းချင်းစီတက်လာတဲ့သဘောတွေ့ရတယ်။ထပ်တက်ဖို့လည်း အလားအလာရှိနေတယ်။တရုတ်က ဖရဲအဝယ်ရှိပေမယ့် အရည်အသွေးကောင်းမှပဲယူတယ် ” လို့ ဖရဲကုန်သည် တစ်ဦးကပြောပါတယ်။ 

တရုတ်က ဖရဲသီးဝယ်လိုအားရှိပေမယ့် အရည်အသွေးကောင်းတဲ့ အသီးကိုသာအဓိကရွေးချယ်ဝယ်ယူနေတာဖြစ်လို့ အရည်အသွေးညံ့ရင် ဆုံးရှုံးမှုရှိနိုင်တယ်လို့ဆိုပါတယ်။

တရုတ်ကို ဖရဲသီး တင်ပို့ရာမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မိုင်းလား ကနေ တင်ပို့ရတာဖြစ်လို့ လမ်းကြောင်းက ရှည်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကုန်ကျမှုများခြင်း၊ ခရီးရက်ကြာခြင်း တွေကြောင့် ဖရဲသီးတွေဟာ တာလော့အသီးရောင်းကွင်းကိုရောက်ရှိချိန်  လမ်းခရီးဒဏ်မခံနိုင်တဲ့အတွက် အသီးပုတ်ခြင်း ၊အရည်အသွေးမမှီတော့ ခြင်းစတဲ့ အသီးထိခိုက်မှုတွေကြောင့် အရှုံးတွေရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဖရဲသီးကိုသာ သေချာစိစစ်ရွေးချယ်တင်ပို့ဖို့ ကုန်သည်တွေကအကြံပြုထားကြပါတယ်။

” အသီးအရေခွံပွန်းတာတို့ ရေမွှာအစက်စက်ပျောက်ပါတာတို့ဆိုရင်  အပယ်ခံရပါမယ်။  လမ်းခရီးကြမ်းပြီးရက်ကြာတဲ့ အတွက် အသီးပွန်းအနဲငယ်သက်သာအောင် ကားရဲ့နောက်ဆုံးတစ်ခန်းကို ဖွဲကပ်ထူထူခင်းပေးဖို့အကြံပြုချင်တယ် ” လို့ သူကထပ်မံ ပြောပါတယ်။

ရန်ကုန်မှာဆိုရင် တစ်ရက်ကို ဖရဲသီးကားအစီးရေ ၃ စီးပင် ဖြုန်းအားမရှိပဲ စျေးကလည်းအစီးပြတ်ရောင်းချရာမှာ  ထျမ့်ဝမ်အချိုသီး အစီးပြတ်က ၁၂ ဘီးတစ်စီးကို ၂၅ သိန်းကနေ သိန်း ၃၀ ကြားရှိပြီး  ၈၅၅ ဖရဲကား အစီးပြတ် အလုံး ၁၂၀၀ဝန်း ကျင်ပါ   ၁၇ တန်ကိုသိန်း ၃၀ ကနေ ၃၅ သိန်းရှိကာ  ဒုံးကြည် မဲခေါင်၇၀၉ ဘလက်ဂျိတ်ဖရဲ  ၁၇ တန်ပါကားတစ်စီးကို သိန်း ၄၀ နဲ့ ၄၈ သိန်းသာရှိနေတ ယ်လို့သိရ ပါတယ်။

လတ်တလောမှာ ရှမ်းမြောက်ကနေ တရုတ်ကို ဖရဲသီး တင်ပို့မှု အဆင်ပြေမပြေကိုသိရှိနိုင်ဖို့အတွက် မန္တလေးကနေ လားရှိုးဖရဲကားစမ်းသပ်တင်ပို့ခဲ့ရာ လားရှိုးအထိသာအဆင်ပြေပြီး ရှေ့ဆက်သွားဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *