ငှက်ပျောလျှော်မှ တန်ဖိုးမြှင့် ထုတ်ကုန်တွေကို ဂျပန်ကိုတိုးချဲ့တင်ပို့ဖို့စီစဉ်နေ

ငှက်ပျောလျှော်မှထုတ်လုပ်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းတွေကို ဂျပန်နိုင်ငံက မှာယူမှုရှိနေတာကြောင့် ပြည်ပစျေးကွက် တိုးချဲ တင်ပို့ရောင်းချနိုင်ရန်စီစဉ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိတွင် ငှက်ပျောလျှော်မှ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ ဖြန့်ိအသုံးပြုနေကြသလို   ထိုင်းနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း ငှက်ပျောလျှော်ထုတ်ကုန် ပိတ်စတွေကို  မှာယူမှုရှိနေတယ်လို့ သိရပါတယ်။  

”  ငှက်ပျောလျှော်ကထုတ်တဲ့ ကုန်ပစ္စည်းတွေ ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ ကမ္ဘောဒီးယား၊ ဂျပန်နိုင်ငံကို တင်ပို့ဖို့  စီစဉ်နေတယ်၊ ပြည်ပတင်ပို့ မှုအတွက် အစိုးရဘက်က ပံ့ပိုးမှုတွေ၊နည်းပညာတွေ ပေးလာမယ်ဆိုရင် စျေးကွက်ကပိုပြီးတွင်ကျယ်လာမယ်၊ ပြည်ပစျေးကွက်မှာလည်း ခိုင်မာတဲ့ စျေးကွက်ရှိလာမယ်၊ ပိတ်စကိုအရမ်းကြိုက်ကြတယ် ” လို့ ငှက်ပျောလျှော်ထုတ်ကုန် ထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ  ငှက်ပျောလျှော်ကနေ  တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ခြင်း သင်တန်းတွေကိုလည်း  မြို့ ပေါင်း ၂၅ မြို့မှာ  သင်တန်းများပေးနေပြီး သင်တန်းတက်ထားသူတွေကတော့ ငှက်ပျောလျှော်မှ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စ၊ ဦးထုတ်တွေကို ထုတ်လုပ်ကာ ပြည်တွင်း ပြည်ကစျေးကွက်မှာ ဖြန့်ိနေကြပြီဖြစ်ပါတယ်။

ငှက်ပျောလျှော်ကနေ ထုတ်လုပ်နေတဲ့ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းတွေက  ဈေးနှုန်း အနေနဲ့က အမျိုးသားစီး ညှပ်ဖိနပ်တစ်ရံကို  ၇၀ဝ၀၊ အမျိုးသမီးစီး ညှပ်ဖိနပ်တစ်ရံကို   ၅၀ဝ၀၊ လေဒီရှူးတစ်ရံကို  ၃၅၀ဝ၀၊ အိတ်တစ်လုံး  ၉၀ဝ၀ မှ ၂၀ဝ၀ဝ၊ ဦးထုပ်တစ်လုံးကို  ၁၂၀ဝ၀၊ ငှက်ပျောလျှော်သော့ချိတ်တစ်ခုကို ကျပ် ၅၀ဝ၀၊ ငှက် ပျောလျှော် ပိတ်စအိတ်တစ်လုံးကို  ကျပ် ၁၅၀ဝ၀ မှ ၃၅၀ဝ၀ အထိ ဈေးကွက်ရှိနေတယ်လို့သိရပါတယ်။

ပြည်ပနိုင်ငံ တွေကတော့ ငှက်ပျောလျှော်နဲ့လုပ်ထားတဲ့ ပိတ်စကို ပိုပြီးကြိုက်နှစ်သက်ကာမှာယူမှုရှိပြီး စျေးကောင်းလည်းရရှိတယ်လို့သိရပါတယ်။

ငှက်ပျောပင်ရဲ့ စွန့်ပစ်ပစ္စည်းကနေ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်နိုင်တာဖြစ်လို့ ဒေသတွင်းပြည်သူတွေအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းကောင်းသလို ပြည်ပစျေးကွက်ကို ချဲ့ထွင်တင်ပို့နိုင်ပါကလည်း နိုင်ငံခြားငွေရရှိပြီး အကျိုးရှိမယ့်လုပ်ငန်းဖြစ်တယ်လို့ဆိုပါတယ်။

စပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *