ဆန်ကို တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ပြီး ပြည်ပကိုတင်ပို့သွားမယ်

ပြည်ပကို ဆန်တန်ချိန်တင်ပို့မှုအပြင် ဆန်ကိုတန်ဖိုးမြှင့်ထုတ်လုပ်လုပ်ပြီး ဆန်တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲတင်ပို့သွားနိုင်ဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF ကသိရပါတယ်။

ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး တင်ပို့တဲ့အခါ ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ အပါအဝင် စတဲ့ ဆန်ကနေထုတ်လုပ်နိုင်မယ့် တန်ဖိုးမြှင့် ပစ္စည်းတွေကို တင်ပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

” ကျွန်တော်တို့အနေနဲ့  သမားရိုးကျ ဆန်တိုးမြှင့်တင်ပို့နေ တာထက် တန်ဖိုးမြှင့်ထုတ်ကုန်ပေါ့ တင်ပို့ဖို့ရှိတယ် ။ ဆန်မှုန့်တွေ ၊ ဆန်ခေါက်ဆွဲတွေ စသဖြင့်ပေါ့ ပြုလုပ်တင်ပို့သွားဖို့ ရှိပါတယ်၊ ဆန်တင်ပို့မှုကိုတော့ ဆန်ကွဲနဲ့ ပေါင်းဆန်ကို ဆက်လက် ဦးစားပေး တင်ပို့သွားမယ် ။ ဆန်ဖြူဆိုလည်း သူ့ပမာဏ အကန့်အသတ်နဲ့ပဲ သွားမယ်   ” လို့ MRF  ဥက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ် ။ 

အဆိုပါ ဆန်တန်ဖိုးမြှင့် ထုတ်ကုတ်တွေကို ပြည်ပတင်ပို့မှုအဖြစ် လာမယ့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စတင် တင်ပို့နိုင်ရေး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆန် ဆန်ကွဲတင်ပို့မှုကို ပမာဏတိုးမြှင့်တင်ပို့ခြင်းအစား ဆန်ကိုတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်ကာ တင်ပို့ခြင်းက ပြည်တွင်းမှာ ဆန်စားသုံးမှုအတွက်ဖူလုံစေနိုင်တဲ့အပြင် နိုင်ငံခြားငွေရရှိမှုလည်း တိုးလာနိုင်တာကြောင့် တန်ဖိုးမြှင့် ထုတ်ကုန်တင်ပို့ရန် စီစဉ်ခြင်းဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာတော့ ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး စျေးကွက်အတွင်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ ပစ္စည်းတွေက  ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ ၊လူသုံးကုန်ပစ္စည်း အချို့တို့ ရှိနေတယ်လို့သိရပါတယ်။

ဆန်မှုန့်ကို အသုံးပြုပြီး အစားအစာ အဖြစ်အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။ဆန်ကိုသာတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ပါက ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင်အလမ်းပိုလာနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်ကို ဆန်နဲ့ဆန်ကွဲကို တင်ပို့မှုသာရှိပြီး အခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ  ဆန် ဆန်ကွဲ တန်ချိန် ၁၁ သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိထားတယ်လို့သိရပါတယ်။

ညိုပြာဝိုင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *