ကမ္ဘာ့ရာဘာစျေးတက်လာတာကြောင့် မြန်မာ့ ရာဘာစျေးလည်း အနည်းငယ်တက်လာ

ကမ္ဘာ့ရာဘာစျေးတက်လာတာကြောင့် မြန်မာ့ ရာဘာစျေးလည်း အနည်းငယ်တက်လာတယ်လို့ မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ရာဘာစျေးတက်လာမှုနဲ့အတူ ရောင်းလိုအား ဝယ်လိုအားလည်းကောင်းနေပြီး ပြည်ပကိုရာဘာကုန်ကြမ်းတင်ပို့မှုကလည်း ၂၀၂၃ ခုနှစ်ကထက်ပိုပြီးမြင့် တက်လာနေတယ် လို့သိရပါ တယ်။

ပြည်တွင်းမှာ စက်ရုံအရောက်ပို့စျေးအနေနဲ့ မှိုင်းခံပြား RSS 1 အသန့်တစ်ပေါင်ကို ၂၀၀၀ ကျပ်ရှိလာပြီး မှိုင်းခံပြား RSS 3 အသန့် တစ်ပေါင်ကို ၁၉၅၀ ကျပ် အထိမြင့်တက်လာတာဖြစ်ပါတယ်။

” RSS 1 အသန့် ဆိုတာက ရာခိုင်နူန်းအနည်းလေးပဲ ထွက်တာ ၊ ကျွန်တော်တို့ဆီက RSS 1 အသန့်အကောင်းဆုံးက နိုင်ငံတကာမှာ RSS 3 အဆင့်ပဲရှိတယ်။ အခု ကမ္ဘာ့ရာဘာစျေးတက်လာလို့ ကျွန်တော်တို့ ပြည်တွင်းရာဘာစျေးလည်း နည်းနည်းတက်လာတာပေါ့။ ကမ္ဘာ့ပေါက်စျေး အတိုင်းတော့ ဘယ် တော့မှ မရဘူး။ပြည်တွင်း ရာဘာစျေး က ကမ္ဘာ့စျေး ကိုပဲ တိုက်ရိုက်မူတည်တယ်” လို့ မြန်မာနိုင်ငံ ရာဘာ စိုက် ပျိုးထုတ် လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်ကပြောပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ရာဘာကုန်ကြမ်းကို နိုင်ငံတကာ အဆင့်မှီကုန်ကြမ်းဖြစ်အောင် ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့် မြန်မာ့ရာဘာစျေးဟာ နှစ်စဥ် ကမ္ဘာ့ရာဘာပေါက်စျေးထက် ဒေါ်လာ ၄၀၀ လောက်လျော့ကျရောင်းချနေရတဲ့ အတွက် ကမ္ဘာ့စျေးမြင့်တက်လာသလောက် မြန်မာ့ ရာဘာစျေး က မြင့်တက်နိုင်ခြင်း မရှိဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

ါကြောင့် မြန်မာ့ရာဘာကို အဆင့်မှီကုန်ကြမ်းအဖြစ်ထုတ်လုပ်နိုင်ဖို့အတွက် ရာဘာလုပ်ငန်းရှင်တွေအနေနဲ့ ကြိုးစား နေကြပေမယ့် ကျော်ဖြတ်ရမယ့် လုပ်ငန်းစဥ်တွေများတဲ့အတွက် ခုချိန်ထိ နိုင်ငံတကာအဆင့်မှီတဲ့ရာဘာ ကုန်ကြမ်း ထုတ်လုပ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

လက်ရှိမှာတော့ မြန်မာ့ရာဘာကဏ္ဍ ပြည်ပတင်ပို့မှုမြင့်တက်လာစေရေးအတွက် အထူးအခွင့်အရေး အဖြစ် ပို့ကုန်ရငွေအပေါ် ၃၀ ရာခိုင်နူန်း ၇၀ ရာခိုင်နူန်း စနစ်ကျင့်သုံးခွင့်ပေးထားတာကြောင့် မြန်မာ့ရာဘာကို ပြည်ပတင်ပို့မှုမြင့်တက်လာနေတယ်လို့သိရပါတယ်။

အဆိုပါ ရာဘာတင်ပို့မှုမှ ပို့ကုန်ရငွေ ၇၀ ရာခိုင်နူန်းကို ပြည်ပမှ ဓာတ်မြေဩဇာပြန်လည်တင်သွင်းခွင့်ပြုသလို ကျန်တဲ့ ၃၀ ရာခိုင်နူန်းထဲကမှ ၆၅ % ကို ပေါက်စျေးနဲ့ AD လိုင်စင်ရဘဏ်တွေကနေ ရောင်းချပေးရပြီး ကျန် ၃၅ % ကိုသာ ဗဟိုဘဏ်ကို ၂၁၀၀ ကျပ်နဲ့ရောင်းချပေးရမှာဖြစ်တယ်လို့သိရပါတယ်။

ရာဘာစိုက်ပျိုးမှု အနေနဲ့ တစ်နိုင်ငံလုံး မှာစိုက်ဧက ၁ သန်း နဲ့ ၆ သိန်း ကြား ရှိပြီး ပြည်ပတင်ပို့မှုက တစ်နိုင်ငံလုံး ရဲ့ အထွက်နှုန်း ၉၄ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *