မြန်မာ့ကြယ်ပဲ  စိုက်ဧကတွေလျော့ကျလို့ ပြည်ပစျေးကွက်ချဲ့ထွင်တင်ပို့နိုင်ခြင်းမရှိဖြစ်နေ

မြန်မာ့ ကြယ်ပဲကို ပြည်ပနိုင်ငံတွေက စျေးကောင်းပေးပြီး  ဝယ်ယူမှုအားကောင်းပေမယ့်လည်း ပြည်တွင်းစိုက်ပျိုးမှုအခြေအနေကြောင့်   ပြည်ပက မှာယူမှုကို ပြည့်မှီအောင်တင်ပို့နိုင်ခြင်းမရှိဘဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ကြယ်ပဲစိုက်ပျိုးမှုအနေနဲ့ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးမှုရှိပေမယ့်လည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်စပြီး ကြယ်ပဲစိုက်ဧကတွေလျော့နည်းလာတာကြောင့် ကြယ်ပဲထွက်ရှိမှုကပြည်ပလိုအပ်ချက်ကို ပြည့်မှီအောင် တင်ပို့နိုင်ခြင်းမရှိဘဲ ဖြစ်နေရတာ ဖြစ်ပါတယ်။

” ကြယ်ပဲစိုက်ပျိုးမှုလျော့တော့ အထွက်လျော့တယ်၊ဒီတော့ နိုင်ငံတကာစျေးကွက်ကို ကျွန်တော်တို့တင်ပို့မှုလည်း လျော့ကျတယ်၊သူတို့ဝယ်လိုတဲ့ပမာဏကိုမတင်ပို့နိုင်ဘူး၊စျေးကွက်အသစ်လည်း မချဲ့ထွင်နိုင်ဘူး ” လို့  မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ်သူများအသင်း ဝင်တစ်ဦးကပြောပါတယ်။

ကြယ်ပဲစိုက်ဧကလျော့နည်းမှုကြောင့်ရှိပြီးသား ပြည်ပစျေးကွက်ကိုလည်း ပြည့်မှီအောင်တင်ပို့ရောင်းချနိုင်ခြင်းမရှိသလို နောက်ထပ်စျေးကွက်အသစ်တွေ ချဲ့ထွင်တင်ပို့ဖို့လည်း မလုပ်ဆောင်နိုင်ပဲ ဖြစ်နေရပါတယ်။

ကြယ်ပဲစိုက်ပျိုးရာမှာ အထွက်နှုန်းတွေလျော့ကျလာတာကြောင့် တောင်သူတွေက ကြယ်ပဲစိုက်ပျိုးမှုအစား အခြားသီးနှံကို အစားထိုးစိုက်ပျိုးလာတဲ့အတွက် အထွက်နှုန်းကပိုမိုလျော့ကျကာ ပြည်ပတင်ပို့မှုပါထိခိုက်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ မြန်မာ့ကြယ်ပဲကို တရုတ်၊ ထိုင်းနိုင်ငံ နဲ့  တောင်ကိုရီးယားနိုင်ငံကို အများဆုံးတင်ပို့ရောင်းချရပြီး ပြည်တွင်းဈေးကွက်မှာတော့ ကြယ်ပဲ တစ်ကီလိုကို ကျပ် ၁၇၀၀၀ ကနေ ၂၀၀၀၀ အထိ ဈေးပေါက်နေတယ်လို့သိရပါတယ်။

ကြယ်ပဲစိုက်ပျိုးမှုအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ကြယ်ပဲစိုက်ဧက ၃၀၀၀ ကျော်သာ ရှိပြီး ကြယ်ပဲ  ဘိန်းအစားထိုးသီးနှံအဖြစ် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းရှိ ဒေသတွေ မှာ အများ ဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းမှာ စိုက်ပျိုးမှုရှိတယ်လို့  သိရပါတယ်။  

မြန်မာနိုင်ငံမှာ ကြယ်ပဲကို ၂၀၀၄ ခုနှစ်မှာစတင် စိုက်ပျိုးခဲ့တာ ဖြစ်ပြီး၊ ကြယ်ပဲက  ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အတွက် နိုင်ငံတကာဈေးကွက်က ၀ယ်လိုကောင်းတဲ့ ပဲအမျိုးအစား ဖြစ်တယ်လို့သိရပါတယ်။ 

မြန်မာ့ကြယ်ပဲကို ပြည်ပနိုင်ငံတွေက ဝယ်ယူရာမှာ  ဓာတုဆေးဝါးပစ္စည်းအသုံးပြုမှုရှိမရှိ သဘာဝစိုက်ပျိုးရေးထုတ်ကုန် စစ်၊မစစ်ကို  နည်းပညာတွေနဲ့ စစ် ဆေးပြီးမှသာ ၀ယ်ယူကြတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *