(၁၉.၂.၂၀၂၄) မှ (၂၃.၂.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

ဖေဖော်ဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ မတ်ပဲရော ပဲစဥ်းငုံနီပါ စျေးတွေထပ် ကျလာသလို မြေထောက်ပဲ ၊ ပဲကြီး စျေးလည်း ကျလာ ပါတယ်။

မတ်ပဲစျေးကွက်

မတ်ပဲကတော့ ဒီတစ်ပတ်မှာ လည်း အတက်အကျတည်ငြိမ်မှုမရှိဘဲ စျေးတွေထပ်ကျပြီး အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။

မတ်ပဲက ပို့ကုန်ရငွေ အပြောင်းအလဲ ကြောင့် လတ်တလောစျေးအေးနေပေမယ့် အိန္ဒိယ က မြန်မာ့မတ်ပဲ ကိုလိုအပ်ချက် ရှိပြီး ဝယ်လိုအားကောင်းတာကြောင့် စျေးကွက်က အတက်ဘက်ကိုပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။

ဒါကြောင့် လက်ရှိ မတ်ပဲအသစ်တွေ နယ်စုံမှာ ထွက်ရှိနေပေမယ့်လည်း စျေးတန်းကျနေလို့ ရောင်းလိုအားက နည်းနေပါတယ်။

ဒီတစ်ပတ် ရန်ကုန် ဘုရင့်နောင်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၀၇၀၀၀၀ ကျပ်ရှိလို့ အရင်အပတ် နဲ့ ယှဥ်ရင် တစ်တန်ကို ၁၁၈၀၀၀ လောက် ဈေးကျဆင်းပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ဝင် တစ်အိတ်ကို ၂၇၅၀၀၀ ကျပ်စျေးပေါက်ပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်ဈေးထပ်ကျလာတာတွေ့ရပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲတစ်တင်းကို ၄၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျဆင်းသွားပြီး တစ်တင်းကို ၉၇၀၀၀ ကနေ ၉၇၅၀၀ ကြား ရှိနေပါတယ်။

ပဲစဥ်းငုံနီစျေးကွက်

ပဲစဥ်းငုံနီကတော့ တစ်ပတ်အတွင်း အတက်အကျအပြောင်းလဲတွေ ရှိနေပြီး ဈေးကလည်း တည်ငြိမ်မှု မရှိပါဘူး။

ပဲစဥ်းငုံက လတ်တလောမှာ စျေးကျပေမယ့် အိန္ဒိယဘက်က ပဲလိုအပ်ချက် ရှိပြီး ဝယ်လိုအား ကောင်းတဲ့အတွက် စျေးတန်းက အများကြီးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်တွေ ကသုံးသပ် ထားကြပါတယ်။

လက်ရှိကာလကတော့ အခြေအနေအနေစောင့်ကြည့်ဆဲကာလဖြစ်လို့ အရောင်းအဝယ် တွေအေးနေ တာဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၈၃၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး အရင်အပတ်နဲ့ယှဥ်ရင် ၁၃၅၀၀၀ ကျပ် ဈေးဆင်းပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ ဝင် တစ်အိတ်ကို ၃၆၅၀၀၀ ကျပ်မှ ၃၆၆၀၀၀ စျေးပေါက်ပြီး အရင်အပတ်ကထက် တစ်အိတ်ကို ၁၂၀၀၀ ကျပ်လောက် ကျလာတာ ဖြစ်ပါတယ်။

ပဲကြီးစျေးကွက်

ပဲကြီးက ဒီတစ်ပတ်မှာ ဈေးတွေ ကျဆင်းလာပါတယ်။ပဲကြီးကပြည်တွင်းစားသုံးမှု အဓိက ပဲအမျိုး အစားဖြစ်ပေမယ့်လည်း လက်ရှိမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင် ပဲမျိုးစုံ ဈေးအကျ ဘက်ရောက် နေတာ ကြောင့် လည်း ပဲကြီး စျေးကပါ လိုက် ကျလာနေတာဖြစ်ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲကြီး (ကြီး)က တစ်အိတ်ကို ၃၅၅၀၀၀ ကျပ် စျေးရှိပြီး အရင်အပတ်ကနဲ့ယှဥ်လျှင် ၃၅၀၀၀ လောက်အထိ ကျဆင်းလာတာတွေ့ရပါတယ်။ ပဲကြီး (လတ်) နဲ့ ပဲကြီးသေး ကတော့ တစ်အိတ်ကို ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ် နဲ့ယှဥ်လျှင် တစ်အိတ်ကို ၅၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ စျေးကျလာတာဖြစ်ပါတယ်။

ပြောင်းဆံ

ပြောင်းဆံစျေးကလည်း ဒီတစ်ပတ်မှာလည်း ထပ်ပြီး စျေးကျလာတာတွေ့ရပါတယ်။

ပြည်တွင်း ပြောင်းဆံစျေးဆက်တိုက်ကျနေတာကြောင့် အရောင်းအဝယ်တွေလည်းအေးပြီး ပြည်ပ တင်ပို့မှု တွေလည်း နှေးကွေးလာနေတယ်လို့သိရပါတယ်။

လက်ရှိကာလဟာ ပြောင်းဆံကို ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့မှု စတင်နေပြီး ပြောင်းဆံ စျေးကောင်းရရှိမယ့်အချိန်မှာ ပြည်ပပို့ကုန်ရငွေအပေါ်ပြောင်းလဲမှုအချို့လုပ်လိုက်တဲ့အတွက် ပြောင်းဆံစျေး ကွက်က တက်မ လာတဲ့အပြင် အကျဘက်ကို ရောက် လာနေ တာဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၈၀ မှ ၁၁၀၀ ကျပ်သာရှိလို့ တစ်ပိဿာကို ၄၀ ကျပ် စျေးကျသွားတာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၂၀၀၀ မှ ၅၂၅၀၀ ကျပ် ၊ပြောင်း (ဗမာ)တစ်အိတ်ကို ၅၀၀၀ မှ ၅၁၀၀၀ ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၂၀၀၀ မှ ၅၂၅၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၂၀၀၀ မှ ၃၀၀၀ ကျပ်စီ စျေးထပ်ကျပါတယ်။

ငရုတ်

ဒီတစ်ပတ် ငရုတ်ဈေးကွက်မှာ ဈေးတွေ ကျဆင်းသွားပါတယ်။ ရက်အတန်ကြာ ဈေးငြိမ်နေခဲ့ရာမှာ ဈေးကွက်ထဲ အဝင်များနေတာ ဖြစ်တဲ့အတွက် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၅၀၀၀ ကနေ ၁၅၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ငရုတ်ပန်းရဲ တစ်ပိဿာကို ၉၀၀၀ မှ ၉၅၀၀ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ၊ငရုတ်မြှားနီကတော့ တစ်ပိဿာကို ၇၈၀၀ မှ ၈၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *