ခရမ်းချဉ်သီး စျေးကွက်ကျဆင်းနေလို့ ခြံစိုက်တောင်သူတွေအရှုံးပေါ်

ဖေဖော်ဝါရီ ၂၈

ခရမ်းချဉ်းသီးစျေးကွက် တစ်ပိဿာကို ၁၀၀ ကျပ်အထိ ကျဆင်းနေတာကြောင့် ခရမ်းချဉ်သီးစိုက်တောင်သူတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

ဒါကြောင့် ခရမ်းချဉ်သီးစိုက်ပျိုးတဲ့ ခြံပိုင်ရှင် တောင်သူအချို့သည် ခရမ်းချဉ်သီးကို ခူးဆွတ်မယ့်လုပ်အားခ ထပ်မံကုန်ကျမခံတော့ဘဲ နွားစာအဖြစ် ကျွေးမွေးနေတဲ့ တောင်သူတွေလည်းရှိနေတယ်လို့သိရပါတယ်။

” ခြံရှင်တွေ အရှုံးပေါ်နေတာပေါ့။တစ်ဆင့်ယူရောင်းသူတွေကတော့ သူတို့ကိုက်တဲ့စျေးနဲ့ပဲဝယ်ကြတာလေ ၊ခရမ်းစိုက်သူတွေကသာ ဆေးဖိုး အလုပ်သမားခ ၊မျိုးစေ့ဖိုး ရေလောင်းရတာ အကုန်ပေါ့ရှုံးတယ် ” လို့ ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိကာလသည် ခရမ်းချဉ်သီးစိုက်ပျိုးမှုများတဲ့  ရှမ်းပြည်နယ် အပါအဝင် နယ်စုံကနေ ခရမ်းချဉ်သီးတွေ ထွက်ရှိပြီး ကုန်စိမ်း စျေးကွက်ကို ဝင်ရောက်မှုရှိနေတာကြောင့် ပစ္စည်းအဝင်များပြီး ဝယ်လိုအားနည်းနေတဲ့အပြင် ပြည်တွင်းက လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့်လည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေကြီးမြင့်တာကြောင့် လက်ရှိဖြစ်နေတဲ့  ခရမ်းချဉ်းသီးစျေးကွက်အရ  တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ခရမ်းချဉ်းသီးစျေးကွက်မှာ တောင်သူတွေရဲ့ ခြံစျေးက တစ်ပိဿာကို ၁၀၀ မှ ၂၀၀ ကျပ်သာ စျေး ရှိပြီး ကုန်စိမ်းပွဲရုံ တွေရောင်းချတဲ့စျေးက ၃၀၀ ကျပ်မှ ၇၀၀ ကျပ်အထိရှိပါတယ်။

ခရမ်းချဉ်သီး အစိမ်း ၊အမှည့်အရော အနှောက တစ်ပိဿာကို အိမ်အရောက်ရောင်းချတဲ့စျေးမှာ ၅၀၀ ကျပ်သာ စျေးရရှိနေတယ်လို့သိရပါတယ်။

နှစ်စဉ်ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်တဲ့ရာသီရောက်ချိန်တိုင်း ခရမ်းချဉ်သီး စျေးကွက်ကျဆင်းတတ်ပေမယ့် အခု နှစ်ကတော့ ခရမ်းချဉ်စျေးကွက် အကျများဆုံးနှစ်ဖြစ်တယ်လို့သိရပါတယ်။

ခရမ်းချဉ်သီး စျေးကွက်ကျဆင်းတာကြောင့် တောင်သူတွေမှာ စိုက်ပျိုးရေးဆေးဝါး၊ မျိုးစေ့ ၊ အလုပ်သမားခ ၊ငွေကြေးအရင်းအနှီး ၊ အချိန် တွေ ဆုံးရှုံးခဲ့ရပါတယ်။

ချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *