မြန်မာ့အာလူးစျေးကွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေတဲ့အပြင် စျေးအနည်းငယ်ကျ

ပြည်တွင်းကထွက်တဲ့ မြန်မာ့ အာလူးစျေးကွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး စျေးလည်းအနည်းငယ်ကျဆင်းလာတယ်လို့ ရှမ်းပြည်နယ် အခြေစိုက် ကုန်စိမ်း ပွဲရုံတွေဆီကသိရပါတယ်။

အဓိက အာလူးထွက်ရှိရာ ရှမ်းပြည်နယ်ကနေ ရန်ကုန်အပါအဝင် ဒေသတွေကို အာလူးတင်ပို့ရောင်းချရမှုလျော့ကျလာခြင်း ၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်း ၊ အလုပ်သမားငှားခအပါအထွေထွေကုန်ကျစရိတ်တွေ မြင့်တက်လာခြင်း ကြောင့် ဝယ်လိုအားလျော့လာကာ စျေးကွက် ကျလာတာဖြစ်တယ်လို့သိရပါတယ်။ 

” ရောင်းလိုအားဝယ်လိုအားက တအားအေးတယ် အရောင်းအဝယ်မကောင်းဘူးပဲပြောပါရစေ၊ စားသုံးသူအရမ်းနည်းသွားတာ မစားမဖြစ်မဟုတ်တော့ သိပ်ဝယ်မစားကြတော့တာပါမယ်။ တောင်သူတွေကတော့ ကုန်စိမ်းဆိုတော့ လာရောင်းနေကြတာပဲ ၊စက်သုံးဆီကလည်းတက် သယ်ယူစရိတ်ကလည်းတက်ဆိုတော့ ဝယ်စားရသူတွေကစျေးတက်ပြီး ရောင်းရသူကစျေးကျတဲ့အဖြစ် ဖြစ်နေတယ်” လို့ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူးကုန်သည်တစ်ဦးကပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းထဲက ဟိုပုံးအပါအဝင်မြို့နယ်အချို့မှာ ဖြစ်ပွားနေတဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့်လည်း အာလူးတွေသယ်ယူပို့ဆောင်ရေးပိုင်းမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အောင်ပန်းကုန်စည်ဒိုင်တွေကို အာလူးတွေ ဝင်ရောက်မှု နည်းနေပြီတယ်လို့သိရပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ ရမ်းဘား S-2 တစ်ပိဿာ 3800 ကျပ် (အကြော်သီး)၊ မားကစ်S2- S-1 တစ်ပိဿာ 3500 ကျပ် (အကြော်သီး) ရှိပြီး ကျန်တဲ့ အာလူးအသေးဆိုက်ဒ်တွေကတော့ကုန်အဝင်မရှိသလောက်ဖြစ်နေပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာတော့  အောင်ပန်း S-2  က ၂၁၀၀  ကျပ်၊အောင်ပန်း A-1 က ၂၄၀၀ ကျပ် ၊ အောင်ပန်း OK က ၂၄၀၀  ကျပ်၊ အောင်ပန်း S-1  ၂၄၀၀ ကျပ် ၊အောင်ပန်း S-3  ၁၉၀၀ ကျပ်ရှိပါတယ်။

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ် မှာအဓိကစိုက်ပျိုးပြီး ရခိုင်ပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်းတို့မှာ လည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မှာ  မိုးအာလူးကို  မတ်လ နဲ့  ဧပြီလ မှာ  စိုက်ပျိုးကြပြီး ဩဂုတ်လနဲ့  စက်တင်ဘာလ မှာ တူးဖော်လေ့ရှိပါတယ် ။ မိုးအာလူး တူးဖော်ပြီးပါက ဆောင်းအာလူးကို ထပ်မံစိုက်ပျိုးပြီး  နိုဝင်ဘာလ နဲ့  ဒီဇင်ဘာလမှာ  တူးဖော်ကြတယ်လို့သိရပါတယ်။

မြေပြန့်ဒေသဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း(ဆင်ဖြူကျွန်း) ဒေသတွေမှာတော့  အာလူးစိုက်ပျိုးမှုကို ကျွန်းမြေ နဲ့  သဲချောင်းတွေမှာ  အောက်တိုဘာ နဲ့ နိုဝင်ဘာလမှာ စိုက်ပျိုးပြီး ဇန်နဝါရီလ နဲ့  ဖေဖေါ်ဝါရီလမှာ တူးဖော်လေ့ရှိတယ်လို့ သိရပါတယ်။ 

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *