မြန်မာ့သရက်သီး ပြည်တွင်းစျေးကွက်အပေါ်သာမှီခိုရဖွယ်ရှိ

ယခုနှစ် မြန်မာ့သရက်သီးစျေးကွက် ပြည်ပတင်ပို့မှုလျော့ကျနိုင်တာကြောင့် ပြည်တွင်းစျေးကွက်အပေါ် သာ မှီခိုရောင်းချရနိုင်ဖွယ်ရှိတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

မြန်မာ့သရက်သီးကို ပြည်ကိုတင်ပို့ရောင်းချရာတွင်  တရုတ်နိုင်ငံကိုသာ  မူဆယ် နယ်စပ်ကုန်သွယ်ရေး ကနေ တန်ချိန်အများဆုံးတင်ပို့နေရခြင်းဖြစ်ပါတယ်။

လက်ရှိမှာက နယ်မြေ မအေးချမ်းမှုတွေကြောင့်  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကပိတ်ထားရသလို ကုန်သွယ်မှုလည်းမပြုလုပ်နိုင်တဲ့အတွက် သရက်သီးတရုတ်ကိုနယ်စပ်လမ်းကြောင်းမှ တင်ပို့မှုအဆင် မပြေနိုင် သဖြင့် ရေကြောင်းကနေသာ အဓိကတင်ပို့ရနိုင်တာကြောင့် တန်ချိန်ပမာဏ တင်ပို့မှုလျော့ကျနိုင်လို့ ပြည်တွင်းစျေးကွက် အပေါ်မှီခိုရနိုင်တယ်လို့ကုန်သည်တွေ ကသုံးသပ် ထားကြတာ ဖြစ်ပါတယ်။

” ခုလက်ရှိက တရုတ်နယ်စပ်အဓိက မူဆယ် ၁၀၅ မိုင်ကနေ  လုံးလုံးကုန်သွယ် လို့မရဘူး၊ချင်းရွှေဟော်မရဘူး ဆိုတော့ ဘာမှလုပ်မရတော့ဘူး။ ကျန်ပို့ရတဲ့လမ်းတွေက ကြမ်းပြီးရက်ကြာတယ်၊ သရက်သီးဆိုတာမျိုးက လမ်းခရီးကြမ်းဒဏ်မခံနိုင်ဘူး ဆိုတော့ခုနှစ်က အရဲစွန့်ပို့ရပြီး အရင်းအနှီး ကြီးမယ်၊သေချာစဥ်းစားပြီးမှ လုပ်ဖို့လိုအပ်တယ် ၊တရုတ်တင်ပို့မှု လျော့ရင် ပြည်တွင်း စျေးကွက် ကိုပဲမှီခိုရဖွယ်ရှိတယ်။ပြည်တွင်းစားသုံးမှုကလည်း တော်တော်ရှိပါတယ် ” လို့ သရက်သီး ကုန်သည်တစ်ဦးက ပြောပါတယ် ။

အကယ်၍ မူဆယ် နယ်စပ် ကုန်သွယ်ရေးကနေသာ ကုန်သွယ်မှုမလုပ်နိုင်ပါက ရှမ်းပြည်နယ် တာလော့ဂိတ် ၊ ကချင်ပြည်နယ် လွယ်ဂျယ် ဂိတ်တွေကသာ သရက်သီးတင်ပို့နိုင်မှာဖြစ်ပြီး အဆိုပါလမ်းခရီးတွေက ကြမ်းတမ်းတဲ့အပြင် ခရီးကြာချိန်ကလည်း ၁၀ ရက်လောက်အထိကြာမြင့်လို့ လမ်းခရီးဒဏ်ကို သရက်သီးတွေခံနိုင်စွမ်းမရှိသလို ကားငှားခစရိတ်ကြီးမြင့်ခြင်းကြောင့် သရက်သီးကုန်သည်တွေအတွက် ကုန်ကျစရိတ် များပြားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မကြာမှီရောက်ရှိတော့မယ့် သရက်သီးရာသီချိန်မှာ မူဆယ် နယ်စပ်ကုန်သွယ်ရေး ကနေ ကုန်သွယ်မှုပြန်လုပ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ ဖို့လိုအပ်နေ တယ်လို့ဆိုပါ တယ်။

မြန်မာ့သရက်သီးကိုတော့  ပြည်ပတင်ပို့ရာမှာ စိန်တလုံး ၊ မြကျောက်သရက်ကို အဓိကတင်ပို့ရောင်း ချပြီး နှစ်စဥ် တစ်နှစ်ကို သရက်သီးတန်ချိန် ၄၀၀၀၀ မှ ၅၀၀၀၀ အထိတင်ပို့လေ့ရှိတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ သရက်သီးစိုက်ပျိုးမှုအနေနဲ့ကတော့ ပဲခူးတိုင်း၊ မကွေး၊ စစ်ကိုင်း၊မန္တလေး ၊ရှမ်းပြည်နယ်တို့ မှ အဓိကစိုက်ပျိုးပြီး သရက်သီးအမျိုးအစားတွေကတော့ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ရွှေတောင်၊ ပတ္တမြားငမောက်၊ နန်းတော်မှိုင်း၊ စိမ်းချို စတဲ့  သရက်သီးအမျိုးအစားတွေ ဖြစ်တယ်လို့သိရပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *