စပါးစိုက်ပျိုးမှုမှာ အကျိုးတူလယ်ယာစနစ်က တောင်သူအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးနေသေး 

မတ် ၁၅

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍထဲက စပါးစိုက်ပျိုးမှုမှာ အကျိုးတူလယ်ယာစနစ်တွေ ၀င်ရောက်တာမျိုးရှိပေမယ့် တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းတဲ့အပိုင်းမှာတော့ နည်းနေသေးကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။ 

လယ်ယာကဏ္ဍမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံသူ မရှိသလောက်နည်းပါးနေပြီး၊ အမှန်တကယ် ၀င် ရောက်ရင်းနှီးမယ်ဆိုရင်လည်း နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို အလေးထားမယ့် ရင်းနှီးမြှုပ်နှံ သူတွေ ပူးပေါင်းပါ၀င်ဖို့ လိုအပ်နေတာဖြစ်တယ်လို့သိရ ပါတယ် ။ 

ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာပိုင်းကိုပါ အခုထက်ပိုပြီး ပူးပေါင်းကူညီသင့်ကြောင်း တောင်သူ လယ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုပါတယ်။ 

” စိုက်ပျိုးရေးကို အထောက်အကူပြုတာ မဟုတ်ဘဲနဲ့ စိုက်ပျိုးထုတ်လုပ်ကုန်တွေကိုပဲ ဝယ်ယူသိုလှောင် ဖြန့်ဖြူးတဲ့နေရာမှာ ပူးပေါင်းကြတာဖြစ်ပြီးတော့ သူတို့အတွက် အမြတ်ရရေးကိုပဲ ဦးစားပေးတဲ့ လုပ်ငန်းရှင်မျိုးဆိုရင်လည်း ဒီစိုက်ပျိုးရေးက Development ( ဖွံ့ဖြိုးမှု ) ဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါကြောင့်မို့လို့ နည်းပညာရှင်တွေဘက်ကလည်း ပူးပေါင်းပါဝင်တဲ့အခါမှာ တကယ်လက်တွေ့ကျတဲ့ ရေမြေသဘာဝနဲ့လေ ၊ အရင်က ပညာရှင်တွေလာခဲ့ကြပေမယ့် ရေမြေဒေသ မကျွမ်းကျင်တော့ ၊ ဒေသတစ်ခုနဲ့တစ်ခု လုပ်ထုံးလုပ်နည်း အစစအရာရာ ဒေသမှာရှိတဲ့ ကျွမ်းကျင်တောင်သူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီနည်းပညာတွေ ပူးပေါင်းကြမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါလိမ့်မယ် ” လို့ ဧရာဝတီတိုင်းဒေသကြီး၊ လယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ 

တောင်သူအများစုက စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ သိရှိလေ့လာတာ အားနည်းတဲ့အတွက် သီးနှံအထွက်တိုးအောင် ဓာတုဓာတ်မြေသြဇာကို လိုအပ်တာထက် ပိုအသုံးပြု စိုက်ပျိုးနေကြဆဲဖြစ်လို့ သွင်းအားစုစရိတ်မြင့်မားစွာကုန်ကျနေပြီး အထွက်နှုန်းနည်းနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ် ။ 

တောင်သူတွေဘက်က ရင်းနှီးမြှုပ်နှံနိုင်မယ့် အနေအထားပေါ်မှာ မူတည်ပြီး တောင်သူ၊ လုပ်ငန်းရှင် အချိုးကျကျ သဘာ၀ကျကျ ပူးပေါင်းပါ၀င်ရင် နှစ်ဖက်ရေရှည်အကျိုးရှိနိုင်မယ်လို့ ဆိုပါတယ် ။ 

လယ်ယာစိုက်ပျိုးရေးအတွက် ၀င်ရောက်ရင်းနှီးမယ့်လုပ်ငန်းရှင်တွေအနေနဲ့ ကနဦး နှစ်တွေမှာ အမြတ်ရရှိဖို့ မသေချာတာကြောင့် ရေရှည်အတွက်သာ မျှော်မှန်းဆောင်ရွက်သင့်တယ်လို့ စိုက်ပျိုးရေးအကြံပေး ဦးကျော်မျိုးလွင်က ပြောဆိုထားပါတယ်။ 

ဆန်စပါးကဏ္ဏ မှာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်တစား နဲ့ ဝင်ရောက်လာအောင် အစိုးရကလည်း မူဝါဒပိုင်းဆိုင်ရာ တွေ ပြုပြင်ပြောင်းလဲ ပေးဖို့ အဆိုတင်သွင်းတာတွေ ရှိကြောင်း သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *