(၁၁.၃.၂၀၂၄) မှ (၁၅.၃.၂၀၂၄)ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

ပြီးခဲ့တဲ့ အပတ်က ‌ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲ နဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ဈေးတွေ ပြန်ကျဆင်း သွားခဲ့ပါတယ်။ ကုလားပဲဈေးကတော့ ပွဲတော်ကာလ အဝယ်ပြန်လိုက်နေတဲ့အတွက် ဈေးက ၂ ပတ်ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ပြည်ပတင်ပို့မှုကြောင့် ဈေးမြင့်တက်လာတဲ့ ကြက်သွန်နီ ကတော့ ဈေးကွက်ထဲ အဝင်များပြီး ဈေးတွေ ပြန်ကျဆင်းလာပါတယ်။

မတ်ပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းလာပါတယ်။ပြီးခဲ့တဲ့ ရက်က စီးပွားကူးသန်းက ပဲဈေးမြင့်တက်နေတာတွေနဲ့ပတ်သတ်ပြီး ဈေးကစားတာ လှောင်တာ တွေကို စီစစ်တွေ့ရှိပါက အရေးယူမယ့် အသိပေးစာ ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက်မှာ  ပဲဈေးတွေ ပြန်ကျဆင်းလာခဲ့တာ လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဈေးကျဆင်းနေတယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံ လိုအပ်ချက်နဲ့ ပြည်တွင်း မူဝါဒတွေကြောင့်  ဈေးကွက် ထဲ အရောင်းအဝယ်ထိန်းလိုက်တာဖြစ်လို့  ဈေးကတော့ အများကြီး ကျဆင်းသွားတာ မျိုးမရှိ ပါဘူး။ ဒါ့အပြင် ဈေးကွက်ထဲ ကုန်သည်တွေ ငွေကြပ်နေတဲ့ အခြေအနေ ဖြစ်ပေါ် နေပြီး အများကြီး ပြန်ရင်းနှီးတာမျိုးမလုပ်တော့ပဲ ဈေးကွက်စောင့်ကြည့်နေကြတယ်လို့လည်း ကုန်သည်အချို့ က ဆိုပါတယ်။

ပဲတွေကတော့ ကြိုပွိုင့် ဝယ်ယူထားတာတွေကြောင့် တောင်သူလက်ထဲ မှာ အနည်းငယ်သာ ရှိတော့တယ်လို့သိရပါတယ်။လက်တလော ရေတိုကာလ မှာတော့ ထုတ်ပြန်ချက်ကြောင့် ပဲဈေးက ကျဆင်းနိုင်ပေမယ့် အိန္ဒိယနိုင်ငံ တွင်း ပဲ လိုအပ်ချက် မတ်ပဲ ထွက်ရှိနှုန်းလျော့ကျတာတွေကြောင့် ပဲဈေးက ပြန်မာလာနိုင်ဦးမယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ လောက်ဈေး ပြန်ကျဆင်းပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၂၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၅၀၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၈၅၀ မှ ၄၈၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၅၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီက ပြီးခဲ့တဲ့အပတ်က တစ်တန်ကို သိန်း ၄၀ နားအထိ ပြန်လည် ရောက်ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ပြီးကျဆင်းသွားပါတယ်။ ပဲဈေးကစားတာ လှောင်တာတွေ ကို စီစစ်အရေးယူ သွားမယ်လို့ စီးပွားကူးသန်းက ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ပဲဈေးတွေက ကျဆင်းသွား တာ ဖြစ်ပါတယ်။

ထို့ပြင်အိန္ဒိယဘက်ကလည်း အဆမတန်မြင့်မားနေတဲ့ပဲဈေးကွက်ကို စောင့်ကြည့်နေတာ ဖြစ်ပြီး ‌ဒေသ တွင်း ပဲ ဝယ်လိုအားလျော့နည်းနေတာ ဖြစ်တဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးကွက်အေး နေ တယ် လို့ လည်း အိန္ဒိယ ပဲဈေးကွက် သတင်းတွေ မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်တွင်းမှာတော့ ကြိုပွိုင့် ဝယ်ယူထားတာတွေကြောင့် ပဲစင်းငုံနီကတော့ နယ်ကုန်စည်ဒိုင်တွေ မှာ ပဲ မရှိတော့ဘဲ ရန်ကုန်ဈေးကွက်မှာသာ အရောင်းအဝယ်ရှိနေတာ ဖြစ်တယ်လို့ နယ်ကုန်သည်တွေက ဆိုပါတယ်။လာမယ့် ဧပြီလ အတွင်း သကြင်္န် ကာလ အတွင်း ပိတ်ရက်တွေ နဲ့  လမ်းပန်းဆက်သွယ်ရေးတွေကြောင့် အရောင်းအဝယ်ပြန်ကောင်းလာနိုင်ပြီး  ဈေးက ပြန်ပြီး တက်လာ ဦးမယ် လို့ကုန်သည်တွေက ခန့်မှန်းထားကြ ပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၈၂၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ် နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း   ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၆၃၀၀၀ ကနေ ၃၆၆၀၀၀ ကျပ် ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ နယ်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် ရန်ကုန်ဈေးကွက်မှာ‌တော့ ဈေးက ထပ်ပြီး ကျဆင်းလာပါတယ်။လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ကြောင့် တရုတ်ဝယ်ယူမှုတွေ လျော့ကျသွား တဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်ပြီး ထပ်ပြီး ဈေးကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၀၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၃၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၃၀ မှ ၃၃၈၅ ကျပ် ရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းပါတယ်။ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၉၁၅ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့    ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၅၀၀၀၀ မှ ၁၆၀၀၀၀  ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ ရန်ကုန်ဈေးကွက်မှာဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းနေပါတယ်။ လက်ရှိမှာတော့ လမ်းကြောင်းအခြေအနေ နဲ့ ပို့ကုန်မူဝါဒတွေကြောင့် ကုန်သည်တွေဘက်က ဈေးချဝယ်ယူတာတွေ ရှိနေပြီး ဈေးက ပိုကျဆင်းနေတာ ဖြစ်တယ်လို့ ပြောင်းစိုက်တောင်သူတွေက ဆိုပါတယ်။

လက်ရှိပေါက်ဈေးထက် ပိုကျဆင်းမှာ ကြောက်ပြီး ရ တဲ့ ဈေးနဲ့ ရောင်းချနေတာတွေကလည်း ဈေးကို ပိုပြီး ကျဆင်းနေတာ ဖြစ်တယ်လို့ ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါ တယ်။

မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၀၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြောင်း (ဗမာ)တစ်အိတ်ကို  ၄၉၀၀၀   ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၀၀၀၀ ကျပ် အသီးသီး ရှိပြီး တစ်အိတ်ကို ၁၀၀၀ မှ ၁၅၀၀ ကျပ် ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ ပြောင်း တစ်တင်းကို ၁၅၈၀၀ ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ၂ ပတ်ဆက်တိုက်ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။အိန္ဒိယပွဲတော်ကာလ အတွင်း  ပြည်တွင်း ဝယ်ယူမှု များလာတဲ့အပြင် ဈေးကျဆင်းနေတာ ဖြစ်တဲ့အတွက် လှောင်လက်တွေ အများအပြား ဝယ်ယူတာတွေ ရှိလို့ ဈေးက ဆက်တိုက် မြင့်တက်လာတာလို့ ကုလားပဲ ကုန်သည်အချို့က ဆိုပါတယ်။

ကုလားပဲကတော့ လက်တလော အခြေအနေ အရ ဈေးမြင့်တက်နေတာဖြစ်ပြီး  ပို့ကုန်မူဝါဒ နဲ့ ပြည်ပ ပို့ အခြေအနေတွေကြောင့် ပုံမှန်ဈေးကို ရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ခန့်မှန်းထားကြပေမယ့် တောင်သူလက်ထဲ ပဲ မရှိတော့ရင်တော့ ဈေးက အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၃၃၀ မှ ၄၄၂၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၄၁၅  မှ ၄၅၀၀  ရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၈၅၀ မှ ၆၂၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၅၆၀၀၀ မှ ၂၅၇၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၆၀၀၀ကျပ် ၊ကုလားပဲ ၉၂၉က တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၂၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၂၀၀၀ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၄၇၀၀၀ မှ ၂၄၈၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၈၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို အနိမ့်ဆုံး ၅၀၀၀ ကနေ အမြင့်ဆုံး ၈၀၀၀ ကြားဈေးပြန်မြင့် တက်လာပါတယ်။

ပဲကြီး၊စားတော်ပဲ၊ထောပတ်

ဈေးကွက်ထဲ အဝင်တွေ ဆက်တိုက်ရှိနေတဲ့ ပဲကြီး၊စားတော်ပဲ၊ထောပတ်ပဲ တို့ကတော့ ဒီတစ်ပတ်မှာ လည်း‌ ဈေးက ဆက်ပြီး ကျဆင်းနေပါတယ်။အကျဈေးနဲ့ လှောင်လက်သမားတွေ ဝယ်ယူနေ တာ တွေကြောင့် ဈေးကျဆင်းနေပေမယ့်လည်း အဝယ်ကတော့ သွက်နေတယ်လို့ ကုန်စည်ဒိုင် တွေကနေ တဆင့် သိရပါတယ်။

ပဲကြီးကတော့ ပြည်တွင်း ထွက်ရှိနှုန်းနည်းတဲ့ပဲ ဖြစ်တဲ့ အတွက် လက်တလော ဈေးကျဆင်းနေပေမယ့် ရေရှည် ဈေးကောင်းတဲ့ ပဲ လည်း ဖြစ်ပါတယ်။ ထောပတ်ပဲကလည်း တရုတ်လမ်းကြောင်း ကောင်း ကောင်း ဖွင့်ပါက အဝယ်ပြန်သွက်လာနိုင်ပြီး ဈေးကောင်းရရှိနိုင်တဲ့ ပဲ ဖြစ်လို့ ရေရှည် ဈေးကောင်းနိုင် တယ်လို့ ပဲကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း/ရွှေကျွန်း) က တစ်ပိဿာကို ၄၈၆၅ မှ ၅၃၁၀ ရှိပြီး ဈေးငြိမ်ပါတယ်။ စားတော်ပဲ ကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၆၇၀ ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးကျဆင်းပါတယ်။ ထောပတ်ပဲကလည်း  တစ်ပိဿာကို ၆၁၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၃၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၄၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

စားတော်ပဲကတော့ တစ်အိတ်ကို ၂၈၅၀၀၀ ရှိပြီး ၁၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲထောပတ်ကတော့ တစ်အိတ်ကို ၃၅၀၀၀၀ မှ  ၄၀၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်‌ဈေးတက် လာပေ မယ့် တစ်ပတ်အတွင်း ဈေးအပြောင်းအလဲ သိပ်မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ စားတော်ပဲ က အပြောင်းအလဲ မရှိပေမယ့် ပဲကြီး နဲ့ ထောပတ်ပဲ တို့က တစ်အိတ်ကို အနိမ့်ဆုံး ၁၀၀၀၀၀ ကနေ  ၁၅၀၀၀၀ ကြား‌ဈေးမြင့် တက်လာခဲ့ပါတယ်။

ပဲဇီးကွက်၊စွန်တာပဲ

အကျဈေးနဲ့ ရှိခဲ့တဲ့ ပဲဇီးကွက်၊စွန်တာပဲ တို့ကတော့ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပေမယ့် ပို့ကုန်ကြောင့် ဈေးကွက်ထဲ အဝယ်သွက်နေပြီး ဈေးပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ ပဲဇီးကွက်က တစ်အိတ်ကို ၁၆၃၀၀၀ ကနေ ၁၆၈၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။စွန်တာ ပဲကတော့ တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၆၅၀၀၀ ကြား ရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ပြည်ပ ဝယ်ယူမှု ရှိနေတဲ့ ကြက်သွန်နီက ဈေးကွက်ထဲ အဝင်များလာတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းလာပါတယ်။ နေ့စဉ် ဘုရင့်နောင် ဈေးကွက်ထဲကို ကားအစီးရေ ၄၀ ကျော် ပိဿာချိန် ၂၅၀၀၀၀ ခန့် နေ့စဉ် အဝင်ရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဗီယမ်နမ်၊ထိုင်းတို့ကို အဓိက တင်ပို့နေတယ်လို့ သိရပါတယ်။ ဈေးကောင်းနေတဲ့အတွက် ဈေးကွက်ထဲ အဝင်များလာတာ ဖြစ်လို့ ဈေးက ပြန်ကျဆင်းတာ ဖြစ်လို့ တောင်သူတွေအနေနဲ့ အဝင်ကို ထိန်းဖို့ လိုအပ်တယ်လို့ ကြက်သွန်ကုန်သည် အများစုက သတိပေးပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ တို့ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၉၀၀ ကနေ ၃၇၀၀ ကြား ရှိကာ တစ်ပိဿာကို ၃၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ဆက်တိုက် ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များနေတဲ့အပြင် ဝယ်ယူမှုလည်း နည်းသွားတဲ့အတွက်ဈေးက ကျဆင်းသွားတာလို့သိရပါတယ်။ ရန်ကုန် ဈေးကွက်ထဲကို တော့ နေ့စဉ် ပိဿာချိန် ၂ သောင်းကျော် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ကြူကုတ်ကတော့ ဈေးကွက်ထဲ အဝင်နည်းလာတဲ့အတွက်ဈေးပြန်မြင့်တက်လာပါ တယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့တစ်ပိဿာကို ၁၁၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀  ကျပ်ဈေးပြန်မြင့်တက်လာ ပါတယ်။

ငရုတ်

ငရုတ်ဈေးကွက်မှာလည်း ငရုတ်ဈေးတွေ ဆက်တိုက်ကျဆင်းနေပါတယ်။ ပြည်ပဝယ်လိုအား ကျဆင်းသွား တဲ့ အတွက် ဈေးကျဆင်းသွားတာ ဖြစ်ပြီး ဈေးကွက်ထဲ လည်း အဝယ်မရှိသ‌လောက် ဖြစ်နေပါတယ်။သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာတွေ နဲ့ နီးစပ်ရာ ဝယ်ယူ တင်ပို့တာတွေကြောင့် အောက်ဒေသမှာ ရှိတဲ့ ငရုတ်တွေ ဈေးကောင်းမရပဲ ကျဆင်းသွားတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၁၅၀၀ မှ ၁၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ နဲ့ မြှားနီကတော့ တစ်ပိဿာကို ၆၅၀၀ မှ ၇၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ မှ ၁၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

မေမီမောင် (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *