တရုတ်ဈေးကွက်သို့ ထိုင်းဆန်များ တိုးမြှင့်တင်ပို့နိုင်ဖွယ်ရှိ

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီး အရည်အသွေးမြင့်ဆန်ကို ဦးစားပေးမှုကြောင့် ယခုနှစ်တွင် အထူးသဖြင့် ငချိတ်ဆန်နှင့် ဆန်လုံးညိုတို့အား ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုတိုးလာမည်ဟု ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်ထားကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ကျင်းပြည်နယ်တွင် ဖြန့်ဖြူးရေးစင်တာတစ်ခု တည်ထောင်လိုကြောင်း သိရှိရသည်။

ဟောင်ကောင် ဆန်ကုန်သည်များအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော China Merchants Godown, Wharf & Transportation ကုမ္ပဏီ၏ အမှုဆောင်တစ်ဦးဖြစ်သူ Kenneth Chan နှင့် တွေ့ဆုံမှုအပြီးတွင် ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းနိုင်ငံသည် ဝယ်ယူသူအုပ်စု တစ်ခုချင်းစီ၏ လိုအပ်ချက်များနှင့်အညီ အံဝင်ခွင်ကျ ဖြစ်စေသည့် ဆန်အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (R&D) မူဝါဒရှိကြောင်း၊ ထို့အပြင် ထိုင်းဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန် စံချိန်၊ စံညွှန်းများကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

ယခင်နှစ်၌ ဟောင်ကောင်သည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့်တင်သွင်းခဲ့ရာမှ ယခုနှစ်တွင် ဆန်တန်ချိန် ၁၈၀၀၀၀ ခန့် ပိုမိုတင်သွင်းရန် မျှော်မှန်းထားပြီး အများစုမှာ ထိုင်းနိုင်ငံမှ စံပယ်ဆန်များဖြစ်ကြောင်း၊ မတ်လ ၈ ရက်မှ ၉ ရက်အတွင်း Mr. Phumtham သည် ထိုင်း စံပယ်ဆန် တင်သွင်းသူများနှင့်တွေ့ဆုံခဲ့ပြီး ရှန်ကျင်းပြည်နယ်တွင် ဖြန့်ဖြူးရေးစင်တာတစ်ခု တည်ထောင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြေငှားခြင်းနှင့်စပ်လျဉ်း၍ တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ပံ့ပိုးကူညီရန် အဆင်သင့်ရှိပြီး အစီအစဉ်ချထားသော စီမံကိန်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ် Srettha Thavisin နှင့် ထပ်မံဆွေးနွေးရန်လည်း စီစဉ်ထားကြောင်း၊ ဟောင်ကောင်သည် အမေရိကန်နှင့် တရုတ်ပြီးလျှင် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ထိုင်းစံပယ်ဆန်တင်ပို့သည့် ဈေးကွက်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် ဟောင်ကောင်သည် စုစုပေါင်း ဆန်တန်ချိန် ၂၅၇၂၀၀ တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁၄၈၅၀၀ (၅၇.၇%)၊ ဗီယက်နမ်နိုင်ငံမှ ဆန် တန်ချိန် ၆၀၁၀၀ (၂၃.၄%) နှင့် တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၂၁၂၀၀ (၈.၂%) တို့ အသီးသီးတင်သွင်းခဲ့ကြောင်း သိရှိရသည်။

ထိုင်းဆန်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများကို ယုံကြည်စိတ်ချသောကြောင့် ထိုင်းနိုင်ငံမှ ဆန်များအား ဆက်လက်တင်သွင်းမည်ဖြစ်ကြောင်း ဟောင်ကောင်ဆန်ကုန်သည်များ အသင်းက အတည်ပြုပြောကြားခဲ့သည်။ Mr. Phumtham သည် ဟောင်ကောင်ရှိ စံပယ်ဆန် သိုလှောင်ရုံသို့ သွားရောက်လေ့လာခဲ့ရာ အဆိုပါ သိုလှောင်ရုံသည် စံချိန်စံညွှန်းမြင့်မားပြီး ထိုင်း  ဆန်အရည်အသွေးအား ထိန်းသိမ်းနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။

ဆန်တင်သွင်းသူများအနေဖြင့် ဆန်သိုလှောင်ရာတွင် နေရာအကန့်အသတ်နှင့် စိုထိုင်းဆများသောကြောင့် ထိုင်းစံပယ်ဆန်၏ အရည်အသွေးနှင့်အနံ့ကို ထိန်းသိမ်းထားရန် အပူချိန်နှင့် စိုထိုင်းဆထိန်းချုပ်သည့် ဘက်စုံအသုံးပြုနိုင်သော ဆန်ဂိုဒေါင်ကို ငှားရမ်းရမည်ဖြစ်သည်။ ဆန်တင်သွင်းဖြန့်ဖြူးမှုကို စီမံခန့်ခွဲရန် ဟောင်ကောင်၌ ဟောင်ကောင်ဆန်ကုန်သည်များအသင်းကို ၁၉၁၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိအသင်းဝင် စုစုပေါင်း ၅၀ ရှိကြောင်း သိရှိရသည်။

ဟောင်ကောင်ဆန် တင်သွင်းသူများအသင်းနှင့် ထိုင်းဆန်တင်ပို့သူများအကြား ဆက်ဆံရေး ခိုင်မာအားကောင်းစေသော နှစ်စဉ်ကုန်သွယ်မှုမစ်ရှင်များကြောင့် ယင်းအသင်းနှစ်ခုအကြား ဆက်ဆံရေးကောင်းမွန်ကြောင်း Mr. Chan က ပြောကြားခဲ့သည်။ ဆန်သည် ဟောင်ကောင်၏ အဓိကအစားအစာဖြစ်ပြီး အရန်ဆန်အဖြစ် စီစဉ်ထားရှိကာ အစိုးရမှသင့်လျော်သော စျေးနှုန်းနှင့် စားသုံးရန် လုံလောက်သော ထောက်ပံ့မှုရရှိစေရန် ဆန်ထိန်းချုပ်ရေးအစီအစဥ်ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ဆန်တင်သွင်းသူ ၂၃၈ ဦးနှင့် သိုလှောင် ရုံ ၁၄၂ လုံးရှိပြီး ထိုင်းအစိုးရသည် ဝယ်လိုအား ခိုင်မာမှုနှင့်အတူ ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန် ရည်မှန်းထားသည်။

Source: Bangkok Post, March 13, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Mytrade မှ တိုက်ရိုက်ကူးယူဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *