ဝက်အရှင်ဖမ်းစျေး တစ်ပိဿာကို ၂၀၀၀ လောက်အထိ ပြန်လည်မြင့်တက်လာ 

ပြည်တွင်းဝက်မွေးမြူရေးလုပ်ငန်းမှာ ဝက်အရှင်ခြံဖမ်းစျေး ပြန်လည်မြင့်တက်လာနေတဲ့အပြင် အဝယ်လိုက်လာတယ်လို့  ဝက်မွေးမြူရေးလုပ်ကိုင်သူတွေ ဆီကသိရပါတယ်။

အချိန်ကြာမြင့်စွာ ဝက်ခြံဖမ်းစျေး ကျဆင်းခဲ့ပြီးနောက် ဝက်မွေးမြူရေး လုပ်ကိုင်သူ နည်းလာတာကြောင့် လက်ရှိမှာ ဝက်အကြီးအရှင် ရောင်းလိုအားနည်းပြီး ဝယ်လိုအားရှိလာတဲ့အတွက် ဝက်အရှင်ဖမ်းစျေးပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

” ဝက်စျေးက တက်လာတယ်ပြောရမယ်။ အခုဝက်အကြီးကလည်း နည်းသွားပြီလေ၊ အရင်လတွေတုန်းက ဝက်စျေး၅၀၀၀ ကျော်အထိ ထိုးကျခဲ့တော့ လူတွေကစိတ်ပျက်ပြီး မမွေးကြတော့ဘူး။တချို့ဆိုခြံတွေပါဖျက်ပစ်ကြတာ အကောင်ရေများများမွေးသူတွေပိုရှုံးခဲ့ကြတာလေ ” လို့ ပဲခူးတိုင်းမှ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဝက်အရှင်ခြံဖမ်းစျေးက လမ်းပန်းဆက်သွယ်ရေး သယ်ယူရခက်ခဲမှုရှိမရှိ ၊ နေရာအကွာအဝေးပေါ်လိုက်ပြီး ဝက်ခြံဖမ်းစျေး တစ်ပိဿာကို ၇၅၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ  အမြင့်ဆုံး စျေးအထိပြန်လည် ရရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဝက်အရှင်ဖမ်းစျေးသည် တစ်ပိဿာကို ၆၅၀၀ မှ ၈၀၀၀ အထိသာစျေးရှိခဲ့တာကြောင့် လက်ရှိစျေးကွက်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင် မြင့်တက်လာတာဖြစ်ပါတယ်။

ဝက်ခြံဖမ်းစျေးသည် ၂၀၂၃ ခုနှစ် မေလအထိ  တစ်ပိဿာ ၁၀၅၀၀ ကျပ် အထိရရှိခဲ့ရာကနေ ဇွန်လကစပြီး ဝက်ခြံဖမ်းစျေး ဆက်တိုက် စတင်ကျဆင်းခဲ့ပြီး အဲ့ဒီ နောက် ဆက်တိုက်ကျလာကာ ၂၀၂၄ ခုနှစ် မတ်လ ( ၇ လ အကြာ)  ရောက်မှသာ ဝက်အရှင်ဖမ်းစျေးပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

ဝက် တစ်ကောင်အတွက် အစားအစာ ကုန်ကျစရိတ်သည်  ရောင်းတန်းဝင် အရွယ် အထိဆိုပါက တစ်ကောင်ကို  ၄ သိန်းမှ ၄ သိန်းခွဲ  ဝန်းကျင်ရှိကြောင်း ၊ဝက်တစ်ကောင်ကို သားခွဲပြီးနောက် ၄ လ ၊ ၅ လ မွေးမြူမှသာ ရောင်းတန်းဝင် အရွယ်ရောက်ရှိတာဖြစ်ပါတယ်။

ဝက်အရှင်ဖမ်းစျေးကွက်ကသာ တည်ငြိမ်မှုမရှိပေမယ့် ဝက်သားစျေးကတော့ တစ်ပိဿာကို အမြင့်ဆုံး ၂၂၀၀၀ ကျပ်မှာ ငြိမ်နေပါတယ်။

မစံပယ် (AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *