ထိုင်းက ပြောင်းတင်ခွင့်ပိတ်လိုက်ပါက မြန်မာ့ပြောင်းဆံ စျေးကွက်အခြေအနေမကောင်းနိုင်

မြန်မာနိုင်ငံကနေ ပြောင်း ကို ထိုင်းကအခွန်ကင်းလွတ်ခွင်နဲ့ ပြောင်းတင်သွင်းခွင့်ပိတ်ပါက ယခုထက်ပိုပြီး ပြောင်းဆံစျေး ကွက်ကျဆင်းသွားနိုင်တယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။

မြန်မာ့ပြောင်းဆံကို  ဗီယက်နမ် ၊ တရုတ်၊ ဖိလစ်ပိုင်ကို နယ်စပ်နဲ့ ရေကြောင်းကနေ တင်ပို့မှုရှိပေမယ့် လည်း  တင်ပို့မှုနည်းပြီး တွက်ချေကိုက်မှုနည်းတာကြောင့်    ထိုင်းနိုင်ငံကို အခွန် ကင်းလွတ်ခွင့်တင်ပို့ရမှု အပေါ်ကိုသာ အဓိကမှီခိုနေရတာဖြစ်လို့ ထိုင်းကသာ ပြောင်းဆံတင်သွင်းခွင့်ပိတ်ခဲ့ပါက ပြောင်းဆံ စျေးကွက် က မကောင်းနိုင်ဟု ကုန်သည်တွေကသုံးသပ်နေကြတာဖြစ်ပါတယ်။

” ထိုင်းက ပြောင်းဆံ တင်သွင်းခွင့်ပိတ်ဖို့စီစဥ်နေတာ မှန်ပေမယ့် စဖြစ်ရက်တောင် နောက်နှစ်မှလို့ တော့သိရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုမြဝတီ နယ်စပ်က တင်ပို့မှုမလုပ်နိုင် တာတောင် ပြောင်းစျေးကွက် ကျနေတာလေ၊ထိုင်းကသာ ပြောင်းတင်သွင်းခွင့်လုံးလုံးပိတ်လိုက်ရင် ပိုဆိုးဖို့ပဲရှိနိုင် မယ် ” လို့ ပြောင်းကုန်သည် တစ်ဦးက ပြောပါတယ် ။

လက်ရှိမှာ ထိုင်းနိုင်ငံ ရဲ့အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ကာလရောက်နေပေမယ့်လည်း မြဝတီနယ် စပ် ကနေ တင်ပို့ခွင့်မရခြင်းကြောင့် ရေကြောင်းကနေ သင်္ဘောနဲ့ တင်ပို့ရသလို တာချီလိတ် နယ်စပ် ဂိတ်က နေသာ တင်ပို့နေရတာကြောင့် တင်ပို့မှုကြန့်ကြာတဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ် တွေလည်း များတဲ့အတွက် ပြောင်းဆံစျေးက ကျဆင်းနေပါတယ်။

မြန်မာကထွက်တဲ့ ပြောင်းဆံကို ထိုင်းကို နှစ်စဥ်အခွန်ကင်းလွတ်ခွင့်ကာလဖြစ်တဲ့ ဖေဖော်ဝါရီကနေ ဩဂုတ်လအထိ တင်ပို့ရပြီး အခွန်ကင်းလွတ်ခွင့်တင်ပို့ရတာကြောင့် မြန်မာနိုင်ငံရဲ့ ပြောင်း ၇၀ ရာခိုင်နူန်း လောက်အထိတင်ပို့နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကတော့ လယ်ယာမြေမီးရှို့တဲ့  မြန်မာအပါအဝင် အခြား အိမ်နီးချင်းနိုင်ငံတွေ ကနေ   ပြောင်း တင်သွင်းခွင့် ကို ပိတ်ပင်သွားဖို့  စီစဥ်နေတယ်လို့တရားဝင်ပြောဆိုထားတာဖြစ်တယ်လို့ သိရပါ တယ်။

နှစ်စဉ်ဖြစ်ပေါ်နေတဲ့  မီးခိုးမြူပြဿနာကို လျော့ပါးစေရေးအတွက် အဓိက လယ်ယာမြေကို မီးရှို့တဲ့  နိုင်ငံတွေကို ပိတ်ပင်မှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာတော့ ပြောင်းဆံစျေးက ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပွဲရုံအရောက်စျေး တစ်ပိဿာကို ၈၅၀ ကျပ်ရှိပြီး ရန်ကုန်အရောက်စျေးက တစ်ပိဿာ ၁၀၅၅ ကျပ် သာစျေးရှိပါတယ်။

ထိုင်း စက်ရုံ အရောက်စျေးက  ပြောင်း တစ်ကီလို  ၁၀.၃၅  ဘတ် ရှိပြီး ရနောင်း ဆိပ်ကမ်း အရောက်ဈေးက ဝယ်ယူမယ့် စက်ရုံအပေါ်မူတည်ပြီး တစ်ကီလိုကို   ၉.၁ ဘတ် မှ ၉.၄ ဘတ် စျေးပေါက်တယ်လို့သိရပါတယ်။

မစံပယ်(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *