(၁၈.၃.၂၀၂၄) မှ (၂၂.၃.၂၀၂၄) နေ့ အထိ တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာ ဖြစ်ပြီး တစ်ပတ်အတွင်း မှာလည်း ဈေးအတက် အကျ  တည်ငြိမ်မှု မရှိပါဘူး။စီးပွားကူးသန်းရဲ့ အရေးယူမယ့် ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲ ကြောင့် ဈေးကျဆင်းနေတာလို့ ကုန်သည်အချို့က ဆိုပါတယ်။

မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားလည်း ရှိပြီး မကြာခင် အိန္ဒိယနိုင်ငံမှာ ပွဲတော်ကာလ ရောက်ရှိတော့မှာ ဖြစ်လို့ ဈေးက တက်မယ်လို့ သုံးသပ်တာတွေ ရှိပေမယ့် လက်ရှိမှာတော့ ပဲမျိုးစုံဈေးကျဆင်းနေတာ ဖြစ်လို့ သိန်း ၃၀ ပတ်ချာလည် မှာပဲ ဈေးက က တန့်နေဦးလို့ ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၃၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင်  တစ်တန်ကို ၈၅၀၀၀လောက်ဈေးကျဆင်းပါတယ်။   (SQ/RC)ကတော့ တစ်တန်ကို    ၃၁၆၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၇၁၅  မှ ၄၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေး ကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ၂ ပတ်ဆက်တိုက်ဈေးကျဆင်းပါတယ်။အရောင်းအဝယ်တွေ ပြန်ကောင်းလာနိုင် မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံက ဈေးမြင့်တက်နေတဲ့ မြန်မာပဲစင်းငုံနီကို ဝယ်ယူမယ့်အစား ဒေသတွင်း ပဲစင်းငုံနီကိုပိုမို ဝယ်ယူနေတာကြောင့် ဝယ်လိုအားနည်းပြီး ဈေးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီကို မြန်မာ အ ပြင် အခြား နိုင်ငံတွေကပါ ဝယ်ယူနေတာဖြစ်တဲ့အတွက် ဈေးအဆမတန် မြင့်တက်နေတဲ့ မြန်မာ့ပဲစင်းငုံနီကတော့ လတ်တ လော အခြေအနေအရ အတက်ဈေးကို ရောက်ရှိနိုင်သေးမှာ မဟုတ်ပါဘူး။

ပြည်တွင်း မှာလည်း ပြောင်းလဲနေတဲ့ မူဝါဒတွေ ငွေကြေးဈေးအခြေအနေတွေ နဲ့ အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်တွေကြောင့် ဈေးစောင့်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။လက်ရှိမှာတော့ ပဲစင်ငုံနီက လှောင်လက်တွေ လက်ထဲမှာသာ ရှိတယ်လို့လည်း သိရပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၆၈၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်  သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၁၇၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း   ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၅၀၀၀၀ ကနေ ၃၅၂၀၀၀ ကျပ် ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

၂ ပတ်အတွင်း ပဲစင်းငုံနီက တစ်တန်ကို ၃ သိန်းနီးပါးဈေးကျဆင်းသွားခဲ့တာပါ။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ လက်ရှိ ဈေးကွက်ထဲမှာ ဆက်တိုက်ကျဆင်းနေခဲ့ပြီး ဈေးကွက်ထဲကို လည်း အသစ်တွေ အများအပြား ဝင်ရောက်နေပါတယ်။ လက်ရှိပေါက်ဈေးထက် ကျဆင်းမှာကို စိုးရိမ်ပြီး ရောင်းချနေတာတွေကလည်း ပဲတီစိမ်းကို ပိုပြီး ဈေးကျဆင်းနေတာ ဖြစ်သလို လမ်းခရီးအခက်အခဲကြောင့် ပြည်ပ တင်ပို့မှု နည်းတဲ့ ပဲကိုလည်း ကုန်သည်တွေက ဈေး ချဝယ်ယူနေ တာ လို့ တောင်သူ တွေကလည် ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၃၈၈၀ ကျပ် ရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၀၈၀ မှ ၃၃၃၅ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၈၀၀ ကျပ် ရှိပြီး ၁၁၅ ကျပ် အသီးသီး ဈေးကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့    ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၄၅၀၀၀ မှ ၁၅၀၀၀၀  ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ လက်ရှိ ဈေးကွက်အတွင်း အကျဈေးနဲ့ ငြိမ်နေပေမယ့် နယ် ဘက် ရောင်းဝယ်တွေ မှာတော့ ယခုထက် ဈေးပိုကျဆင်းနေတယ်လို့ တောင်သူတွေထံကနေသိရပါတယ်။

ထိုင်းဘက်ကလည်း အိမ်နီချင်းနိုင်ငံတွေမှာ လယ်ယာမြေ  မီးရှို့တာတွေကြောင့် မီးခိုးထူထပ်တဲ့ ပြဿာနာ ဖြစ်ပေါ်နေပြီး အဆိုပါ  ပြဿာနာကို ဖြေရှင်းရန် မီးရှို့တဲ့ အိမ်နီးချင်းနိုင်ငံတွေထံကနေ ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ပြောင်းတန်ချိန် နှစ်စဉ် တန်ချိန် ၇ သိန်းနီးပါး တင်ပို့တဲ့ မြန်မာနိုင်ငံအနေနဲ့ ထို ထုတ်ပြန်ချက်ဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်ပြီး အမှန်တကယ် တင်သွင်းခွင့် ပိတ်လိုက်ပါက ပြောင်း ဈေးဟာ ယခုထက်ပိုပြီးကျဆင်းသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း လမ်းခရီးအခြေအနေတွေကကြောင့် တင်ပို့မှု ဟာ အနည်းအကျဉ်းသာ ရှိနေ ပါသေး တယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါ တယ်။

မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၀၅၀၀ ကျပ်ရှိ၊ ပြောင်း (ဗမာ)တစ်အိတ်ကို  ၄၉၀၀၀   ကျပ် မှ ၄၉၅၀၀ ကျပ်  ၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၀၀၀၀  မှ ၅၀၅၀၀ ကျပ် အသီးသီး ရှိပြီး ရာဂဏန်းလောက်သာ အတက်အကျ ရှိနေတာ ဖြစ်ပါတယ်။

မုံရွာဈေးကွက်မှာတော့ ပြောင်း တစ်တင်းကို ၁၅၈၀၀ ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကုလားပဲ

၂ပတ်ဆက်တိုက် ဝယ်လိုအား ကောင်း‌ ရောင်းလိုအားကောင်းပြီး ဈေးမြင့်တက်ခဲ့တဲ့ ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲမှာလည်း ပဲမျိုးစုံက ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ အကျဈေးနဲ့ လှောင်လက်တွေ ဝယ်ယူမှု အားကောင်းခဲ့လို့ဈေးတက်ခဲ့ပေမယ့် လက်ရှိမှာ တော့ ပြန်ပြီး အဝယ်အေးပြီး ကျဆင်းသွားတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၀ မှ ၄၀၈၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၃၃၅  ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၁၆၅   မှ ၄၂၅၀  ရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၇၂၅  မှ ၆၀၀၀ ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၇၀၀၀ကျပ် ၊ကုလားပဲ ၉၂၉က တစ်အိတ်ကို ၂၃၇၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၄၃၀၀၀ ကျပ်ရှိပြီး ၁၅၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွား ပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို အနိမ့်ဆုံး ၅၀၀၀ ကနေ အမြင့်ဆုံး ၈၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

ပဲကြီး၊စားတော်ပဲ၊ထောပတ်

ပဲကြီး၊စားတော်ပဲ၊ထောပတ်ပဲ တို့ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဈေးကျဆင်းနေတာ ဖြစ်ပြီး မတ်လ မှာတော့  စံချိန်တင် ဈေးကျဆင်းနေတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။

ဈေးကွက်အတွင်း ငွေရှားပါးနေတဲ့အခြေအနေ တွေ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေတဲ့ အခြေအနေတွေ နဲ့ ပြောင်းလဲနေတဲ့ မူဝါဒတွေ ကြောင့် ပဲမျိုးစုံပါ  ဈေးကျဆင်းနေခဲ့ တာ ဖြစ်ပြီး အသစ်တွေကလည်း ဆက်တိုက် အဝင်ရှိနေတာ ဈေးချဝယ်ယူတာတွေ ပါ ရှိနေတယ်လို့ ကုန်သည် တွေက  ဆိုပါတယ်။လက်တလောမှာတော့ ပဲဈေးက အကျဈေးနဲ့ပဲ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း/ရွှေကျွန်း) က တစ်ပိဿာကို ၄၃၃၅ မှ ၅၁၃၅ ရှိပြီး တစ်ပိဿာကိုငွေကျပ် ၅၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။  စားတော်ပဲ ကတော့ တစ်ပိဿာကို ၅၃၃၀  မှ ၅၅၀၀ ရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေးကျဆင်းပါတယ်။ ထောပတ်ပဲကလည်း  တစ်ပိဿာကို ၅၁၆၅  ကျပ်ရှိပြီး တစ်ပိဿာကို ၉၃၅ ကျပ်ဈေးအသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၅၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  ၂ ပတ်အတွင်း တစ်အိတ်ကိုငွေကျပ် ၇၀၀၀၀ ကျဆင်းသွား တာပါ။

စားတော်ပဲကတော့ တစ်အိတ်ကို ၂၄၂၀၀၀ မှ  ၂၆၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်၊

ပဲထောပတ်ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ မှ  ၃၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၅၀၀၀ ကျပ် ဈေးကျဆင်း သွားပြီး စံချိန်တင် ကျဆင်းမှုလည်း ဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကွက်ထဲ အဝင်များပြီး ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးကျဆင်းနေတဲ့အခြေအနေ ပါ။နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခန့် အဝင်ရှိနေပေမယ့် ဈေးမြင့်တက်နေတဲ့အတွက် ဝယ်ယူမှု လျော့နည်းပြီး ဝယ်လိုအားလည်း နည်းနေတယ်လို့ ‌ ရောင်းချသူတွေထံက‌နေ သိရပါတယ်။ အဝင်များရင် ဈေးကျဆင်းတက်တာ ဖြစ်လို့ အဝင်ထိန်းဖို့ ကုန်သည်ကြီးတွေက တိုက်တွန်းပေမယ့် လက်ရှိမှာ ပြည်ပပို့ကုန်အတွက် ဈေးမြင့်ဝယ်ယူတာတွေရှိနေလို့ အမြင့်ဈေးနဲ့ အများအပြား ရောင်းချနေကြတာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ ၊မုံရွာ တို့ ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၇၀၀ ကနေ ၃၃၀၀ ကြား ရှိကာ တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကလည်း ၃ ပတ်ဆက်တိုက်ဈေးကျဆင်းနေခဲ့ပြီး လက်ရှိ ပေါက်ဈေးကတော့ စံချိန်တင် ဈေးကျဆင်းနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲ အများအပြား ဝင်ရောက်နေပြီး ဝယ်ယူမှုလည်းက လျော့နည်းနေတာ ဖြစ်ပါတယ်။

ပုံမှန် ဈေးကွက်ထဲကို ပိဿာချိန် ၁၅၀၀၀ ‌လောက်သာ အဝင်ရှိပေမယ့် လက်ရှိမှာတော့ ပိဿာချိန် ၃ သောင်း ကျော်အထိ အဝင်ရှိနေတာ ဖြစ်လို့ ဈေးကလည်း တစ်လ အတွင်း ထက်ဝက်မက ကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၆၀၀၀၀ ကနေ ၆၅၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၄၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၁၁၀၀၀ လောက်ဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့တစ်ပိဿာကို ၉၅၀၀ မှ ၉၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ လောက်ဈေးပြန်ကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး တစ်လကျော်ဈေး ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။လက်ရှိ ထိုင်းတင်ပို့မှုကလည်း နည်းနေပြီး ပြည်တွင်း အဝင်ကလည်း များနေတယ်လို့ ငရုတ်ကုန်သည်တွေထံကနေ သိရပါတယ်။သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှု တွေကြောင့် လက်ရှိပေါက်ဈေးနှုန်းနဲ့ အရှုံးပေါ်နေတဲ့ အခြေအနေ လို့လည်း ငရုတ်စိုက် တောင်သူတွေ က ပြောပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ ကတော့ ၅၅၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၅၀၀၀ မှ ၅၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး

အာလူးကလည်း ‌ဈေးကွက်ထဲ အဝင်များပြီး ဈေးက ဆက်တိုက်ကျဆင်းနေပါတယ်။ ရှမ်းအာလူးတွေ အပြင် အညာ ဘက်ကနေ လည်း အာလူးအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိနေတာဖြစ်ပြီး လက်ရှိ လမ်းခရီး  အခြေအနေ နဲ့ ပြည်တွင်း ဝယ်လိုအား လျော့နည်းနေတာတွေကြောင့် ဈေးက ဆက်တိုက် ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို အာလူးကားအစီးရေ ၈ စီး ပိဿာချိန် ၄၂၀၀၀ ခန့် အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)ကတော့ တစ်ပိဿာကို ၁၂၀၀ မှ ၁၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်၊ပခုက္ကူကတော့ တစ်ပိဿာကို ၁၅၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မေမီမောင် (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *