အာလူး စျေးကွက် တစ်ပိဿာကို ၁၀၀၀ ကျော်အထိ ကျဆင်းနေ

ရှမ်းပြည်နယ်ကုန်စည်စျေးကွက်မှာ အာလူးစျေးနူန်းက ၁၅ ရက်အတွင်း  တစ်ပိဿာကို  ၁၀၀၀ ကျပ်ကျော်အထိ စျေးကျဆင်းသွားတယ်လို့   ကုန်စိမ်း ပွဲရုံတွေဆီကသိရပါတယ်။

မတ်လ ၉ ရက်နေ့က ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ရမ်းဘား S-2 တစ်ပိဿာ 3800 ကျပ် (အကြော်သီး)၊ မားကစ်S2- S-1 တစ်ပိဿာ 3700 ကျပ် (အကြော်သီး) ရှိပြီး ဒေသမျက်နီ Ok တစ်ပိဿာကို ၂၀၀၀ ကျပ် ၊ မျက်နီ S1 ၂၅၀၀ ကျပ် ရှိခဲ့ပါတယ်။

လက်ရှိ မတ်လ ၂၅ ရက်နေ့မှာတော့ ရမ်းဘား S-2 တစ်ပိဿာ ၂၄၀၀ မှ  ၂၈၀၀ ကျပ် (အကြော်သီး)၊ မားကစ်S2- S-1 တစ်ပိဿာ ၂၄၀၀မှ ၂၈၀၀ ကျပ် (အကြော်သီး) ရှိပြီး ဒေသမျက်နီ Ok တစ်ပိဿာကို ၁၈၀၀ ကျပ် ၊ မျက်နီ S2- S1 ၂၀၀၀ ကျပ် ၊ မျက်နီ A1 ၁၅၀၀ ကျပ်၊မျက်နီဂေါ်လီဆိုက် ၁၀၀၀ ကျပ်သာရှိပါတယ်။

ဒါကြောင့် မတ်လ ၉ ရက်နောက်ပိုင်းကစပြီး ၂၅ ရက်အတွင်းမှာ အာလူးတစ်ပိဿာကို ၅၀၀ မှ ၁၄၀၀ ကျပ်လောက်အထိ စျေးကျနေတာဖြစ်တယ်လို့သိရပါတယ်။

” အာလူးက စားသုံးသူနည်းသွားတယ်။အဝယ်မရှိသလောက်အေးနေတယ်။ဒေသတိုင်းကို တင်ပို့လို့မရတော့ဘူး၊နောက်ပြီးအခု စက်သုံးဆီ စျေးကတက်တော့ သယ်ယူပို့ဆောင် ရေးစရိတ်တွေကပါထပ်တက်တော့ အဆင်မပြေတော့ဘူး။နောက်ဆုံးဘယ်သူတွေထိမလဲဆို တောင်သူပဲတိုက်ရိုက်ထိတာပေါ့ ” လို့ ရှမ်းတောင် ကုန်သည်တစ်ဦးက ပြောပါတယ် ။

ပြည်တွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုတွေ စတဲ့အခက်အခဲတွေကြောင့် ဝယ်ယူသူနည်းသွားလို့  ရှမ်းပြည်နယ်ကထွက်ရှိတဲ့ အာလူးကို  ရန်ကုန်အပါအဝင်  ဒေသတွေကိုတင်ပို့ရောင်းချရမှုလျော့ကျလာပြီး  စျေးကွက်ပါကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာလည်း မတ်လ ၉ ရက်နေ့က   ဟဲဟိုး S-2  က ၂၁၀၀  ကျပ်၊ဟဲဟိုး S-1 က ၂၂၀၀ ကျပ် ၊ ဟဲဟိုး OK က ၂၂၀၀  ကျပ်၊ အောင်ပန်း S-2  ၁၈၀၀ ကျပ် ၊ဟဲဟိုး  S-3  ၁၈၀၀ ကျပ်ရှိပါတယ်။

မတ်လ ၂၅  ရက်မှာတော့ ဟဲဟိုး S-2  က ၂၁၀၀  ကျပ်၊ဟဲဟိုး S-1 က ၁၅၀၀ ကျပ် ၊ ဟဲဟိုး OK က ၁၅၀၀  ကျပ်၊ ဟဲဟိုး A1 နဲ့ S2 က ၁၂၀၀ ကျပ်ရှိလို့ တစ်ပိဿာကို ၇၀၀ ကျပ် ကျဆင်းသွားတာတွေ့ရ ပါတယ်။ 

ပြင်ပ လက်လီစျေးကွက်မှာတော့ အာလူး အသေးအကြီးရော တစ်ပိဿာကို ယခင်  ၄၀၀၀ ကျပ်နူန်းကနေကျဆင်းတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ် မှာအဓိကစိုက်ပျိုးပြီး ရခိုင်ပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်းတို့မှာ လည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *