ဧပြီလပတ်ထဲမှာ မုန်တိုင်းငယ်ဖြစ်နိုင်ပြီး မိုးရွာတာ၊လေပြင်းတိုက်တာမိုးကြိုးပစ်တာတွေ ဖြစ်ပွားနိုင်ဖွယ်ရှိ

မတ် ၂၉

လာမယ့် ဧပြီလပတ်အတွင်း  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ  လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

ဒါကြောင့် ဧပြီလအတွင်း ထူးခြားမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက်  စိုက်ပျိုးရေးနဲ့  မွေးမြူရေး လုပ်ကိုင်ကြတဲ့တောင်သူတွေအနေနဲ့ မိုးလေဝသဖြစ်စဉ်တွေကို သေချာ နားထောင်ပြီး ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားသင့်တယ်လို့ မိုးလေဝသဆိုင်ရာအချက်အလက်တွေခန့်မှန်းပေးနေတဲ့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။

”  မြန်မာနိုင်ငံမှာက  ဧပြီလကုန် မေလဆန်းပိုင်းဆိုရင်  နေရာအနှံ့ အပူလွန်ကဲတာကြောင့် မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်ပြီး မိုးသီးကြွေလေ့ရှိတဲ့အတွက်   စိုက်ပျိုးမွေးမြူရေးကို အဓိကထား လုပ်ကိုင်သူတွေအနေနဲ့  မိုးသီးကြွေခြင်း၊ မိုးသီးမုန်တိုင်းများ ကျရောက်ကြုံတွေ့ရက် ထိခိုက်ပျက်စီးတတ်တာကြောင့် တောင်သူတွေ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တဲ့ အချိန်ကာလ ဖြစ်တယ် ” လို့ပြော ပါတယ်။

မိုးရွာသွန်းမှုအပြင် အရွယ်အစားထုထည် ကြီးမားလွန်းတဲ့ မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းတိုက်ခတ် ခြင်း ၊ အ ရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုးတွေ ဖြစ်ပေါ်နိုင်သလို လေထုမငြိမ်မသက်မှုဖြစ်စဉ်တွေနဲ့ နေ့အပူချိန်လျော့ကျခြင်း မရှိတဲ့ အခြေအနေတွေကြောင့်လည်း  ရွာချိန်တိုတောင်းတဲ့ ထစ်ချုန်းမိုးရွာသွန်းမှုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

နောက်ပြီး မိုးရွာချိန် လေပြင်းတိုက်တတ်ပြီး လေတိုက်နူန်းက  တစ်ခါတစ်ရံမှာ  တစ်နာရီကို မိုင် ၄၀ မှ၅၀ အထိရှိနိုင်ကာ မိုးတိမ်တောင်ဖြစ်စဉ်တွေ ၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ထစ်ချုန်းရွာသွန်းခြင်းနဲ့ မိုးသီးကြွေခြင်းတွေကိုပါ ဖြစ်ပေါ်စေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန နဲ့ ပြင်ပ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဧပြီလအတွင်း  မိုးရွာသွန်းနိုင်မှုအခြေအနေကတော့  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်မှာ မိုး ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့  ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်း ပြည်နယ်မှာ  ၇ ရက်မှ ၁၂ ရက်ခန့် ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ ၁ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *