လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားလို့ ကုန်ကားတွေရာနဲ့ချီပိတ်မိ

မြန်မာတရုတ် နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ ကချင်ပြည်နယ် လွယ်ဂျယ်မြို့ရဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတာကြောင့် ကုန်ကားတွေရာနဲ့ချီပြီးပိတ်မိနေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

လွယ်ဂျယ်မြို့မှာ ဖြစ်နေတဲ့နယ်မြေမတည်ငြိမ်မှုတွေကြောင့် လွယ်ဂျယ်ကိုသွားရာ ဗန်းမော်-လွယ်ဂျယ်ကားလမ်းလည်းပိတ်နေသလို လွယ်ဂျယ်မှာလည်း ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ပေးမယ် အခွန်ဌာနတာဝန်ရှိသူတွေ မရှိတော့တဲ့အတွက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးရပ်သွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် တရုတ်ဘက်မှာရောက်နေပြီး မြန်မာဘက်ကိုပြန်လာမယ့် ကုန်တင်ကား တစ်ရာကျော်လောက် တရုတ်ဘက်ခြမ်းမှာ ပိတ်မိနေကြောင်း ၊ မြန်မာဘက်ခြမ်းက ဗန်းမော်-လွယ်ဂျယ်ကားလမ်းမှာပိတ်မိကုန်ကားတွေလည်း အများအပြားရှိနေပြီး အချို့ကားသမားတွေကတော့ လမ်းကြောင်းပြောင်းလဲ သွားလာဖို့ လုပ်နေကြတယ်လို့သိရပါတယ်။

” အခုက လွယ်ဂျယ်မှာ အဖွဲ့ တွေကစုံနေတယ်၊ နယ်မြေမအေးချမ်းတော့ အစိုးရဌာနတွေ ရုံးမတက်တော့ဘူး လူမရှိတော့ဘူးဆိုတော့ကုန်သွယ်မှုကလုပ်မရတော့ဘူး။နောက်ပြီးတရုတ်ဘက်ကလည်း ကုန်သွယ်တာပိတ်လိုက်တော့ အခု ဒီဘက်ကလည်းမသွားနိုင်၊ဟိုဘက်ကလည်းမလာနိုင်ဘဲ ဖြစ်နေတယ်” လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတာကြောင့် ကုန်တွေနဲ့ ပိတ်မိနေတဲ့ ကုန်ကားတွေ ဒုက္ခရောက်နေရသလို တရုတ်ဘက်ကို တင်ပို့ရောင်းချရမယ့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေအတွက်လည်း စျေးကွက်ပျောက်သွားရတယ်လို့ဆိုပါတယ်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့်  တရုတ်ကို မြန်မာစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုအနေနဲ့ ဆန် ၊ ဆန်ကွဲ ၊တစ်သျှူးငှက်ပျော၊ဖရဲသီး ၊ပြောင်း၊ကြံ၊မြေထောက်ပဲ၊ငရုတ်သီး စတဲ့စိုက်ပျိုးရေးထွက်ကုန်တင်ပို့နေတာဖြစ်ပါတယ်။

တရုတ်ကနေ ပြန်လည်တင်သွင်းတဲ့ပစ္စည်းတွေက သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ်၊ မြက်ခင်းတု၊ပီနံအိတ်၊ဂျပ်ဖာ၊ပလတ်စတစ် ပစ္စည်း၊ဆေးဝါး၊အိမ်ဆောက်ပစ္စည်း ၊လူသုံးကုန်ပစ္စည်း တွေကိုအဓိက တင်သွင်းနေတာဖြစ်ပါတယ်။

တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေချိန်မှာ လွယ်ဂျယ်နဲ့ မိုင်းလားနယ်စပ်ဂိတ်တွေကနေသာ ကုန်သွယ်မှုကိုအဓိကလုပ်နေရတာဖြစ်ပြီး လက်ရှိမှာ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားလို့ မိုင်းလားနယ်စပ်ဂိတ်တစ်ပေါက်ကနေသာတရုတ်ကို အများဆုံး တင်ပို့မှုတော့တယ်လို့သိရပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကို  ကုန်သွယ်မှုလမ်းကြောင်းအနေနဲ့ကတော့  ရွှေဘို၊ စစ်ကိုင်းနဲ  မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း တွေကို  မန္တလေး – လက်ပံလှ – ဗန်းမော် – မိုးမောက် (ကျောက်စခန်း) – စိန်လုံ – လွယ်ဂျယ် လမ်းကြောင်းက တင်ပို့ပြီး ၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းကို ဗန်းမော် – မိုးမောက် (ကျောက်စခန်း) – စိန်လုံ – လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့ပြီး  သွင်းကုန် ပစ္စည်းကိုတော့  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်နေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *