ဧပြီလ ၁၀ ရက်အထိ အပူချိန်မြင့်တက်မှုဒဏ်ခံရနိုင်ဖွယ်ရှိ

လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညိုကြောင့်  ဧပြီလ ၅ရက်နေ့မှစပြီး ဧပြီလ  ၁၀ ရက်နေ့အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ  ပူပြင်းခြောက်သွေ့မှုဒဏ်ကိုခံရနိုင်တယ်လို့ လေကြောင်းမိုးလေဝသပညာရှင်ဦးဝေဖြိုးဟန်ကခန့်မှန်းတွက်ချက်ထားမှုအရသိရပါတယ်။

အပူချိန်ပြင်းထန်လာနိုင်တဲ့ ဒေသတွေကတော့  မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအပြင် ဧရာဝတီတိုင်းဒေသကြီးနဲ့  ရန်ကုန်တိုင်းဒေသကြီးတို့မှာပါ အပူဒဏ်ကို သိသိသာသာ ခံစားရနိုင်တယ် ဆိုပါတယ်။

” မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့နေပြည်တော်မှာဆိုရင် လက်ရှိအပူချိန်ထက် 2-3°Cလောက် ရုပ်ချည်းမြင့်တက်လာဖို့ရှိနေတော့ နေခင်းဘက်မှာ ပူရုံသာမက ညပိုင်းအချိန်ပူလွန်းလို့ အိပ်ပျော်ဖို့ခက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်  အပူမှပြန်လာပြီး ရေခဲရေသောက်တာမျိုး၊ရေချိုးတာ မလုပ်ကြဖို့အကြံပြုတင်ပြလိုပါတယ် ” လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

အလားတူ မိုးလေဝသဆိုင်ရာအချက်အလက်တွေခန့်မှန်းပေးနေတဲ့ ဦးဝင်းနိုင်ကလည်း မြန်မာနိုင်ငံမှာ အယ်လ်နီညိုရဲ့ သက်ရောက်မှုကဆက်လက်ရှိနေတာကြောင့် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အနောက်ပိုင်းတွေမှာ ဧပြီလ ၁၀ ရက်နေ့အထိ အပူချိန်မြင့်တက်နိုင်မှုက  ၉၀% အထက်ရှိပြီး မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာလည်း  အပူချိန်က ၄၀°C အောက် မကျနိုင်တဲ့အပြင်  မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၄၃°C – ၄၄°C အထိ အပူချိန် မြင့်တက်လာနိုင်တယ်လို့ အသိပေးထားပါတယ်။

၁၀ ရက်နေ့နောက်ပိုင်းမှာတော့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်နည်းနည်းလျော့သွားနိုင်ပေမယ့် အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ positiveအယ်လ်နီညိုဖြစ်နေတဲ့အခြေအနေကတော့ လာမယ့် မေလအကုန် ၊ ဇွန်လဆန်း ကာလလောက်မှသာ  ပြီးဆုံးပြီး ကြားနေရာသီဥတုဖြစ်စဉ် Neutral ကာလကို ရောက်လာနိုင်မယ်လို့သိရပါတယ်။

နေ့အပူချိန်မြင့်တက်လာတာကြောင့် အပူလှိုင်းဖြတ်နိုင်ချေရှိတဲ့အတွက် အပူချိန်မြင့်တက်ချိန်မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေပူတိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဖို့လိုအပ်ကြောင်း ၊ နေပူမှပြန်ပါက ရေချိုးခြင်း၊ ရေခဲရေသောက်ခြင်း စတဲ့ အပူရှပ်နိုင်မယ့်အပြုအမူတွေကို ရှောင်ဖို့ဆရာဝန်တွေကသတိပေးထားပါတယ်။

အလားတူရာသီဥတုပူပြင်းချိန် မွေးမြူရေးလုပ်ငန်းတွေ လည်းအထူးဂရုစိုက်ဖို့လိုအပ်သလို စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ဂရုစိုက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *