ကွမ်းရွက်စျေးကျနေတဲ့အပြင် အညံ့စများဝယ်လက်ပျောက်နေ

ပြည်တွင်း ကွမ်းရွက်စျေး ကျဆင်းနေတဲ့အပြင် အပယ် အညံ့စ ကွမ်းရွက်အမျိုးအစားက ဝယ်လက်ပျောက်တဲ့အထိ ဖြစ်နေတယ်လို့ ကွမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လက်ရှိ နွေရာသီကာလမှာ နေပူရှိန်ပြင်းခြင်း ၊ ကွမ်းပင်တွေကို ရေအလုံအလောက်မပေးနိုင်ခြင်း၊ ကွမ်းရွက်အချောထက် အကြမ်းထွက်နှုန်း ပိုများခြင်း၊ ထွက်ရှိတဲ့ ကွမ်းရွက်တွေကို ဒေသအသီးသီးဆီ တင်ပို့ရောင်းချနိုင်မှုမရှိခြင်း စတဲ့အခက်အခဲတွေကြောင့် ကွမ်းရွက်စျေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။

” စျေးကတော့ကျနေတယ်၊ ဈေးကျချိန်ရောက်မှ ကွမ်းရွက်ကလည်း ခူးချိန်က ရောက်ရောက်လာတယ်၊ထွက်နှုန်း ကလည်း များတော့ခူးရမှာတောင်ကြောက်တယ်။ တချို့ဆိုနေရသမျှ နေကြတယ် မခူးကြဘူး ” လို့ ဟင်္သါတမြို့နယ်၊ ကွမ်းစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ကွမ်းရွက်က ခြံခူးစျေးကွက်မှာ ကွမ်းရွက်အစိမ်း အညံ့စတွေက တစ်ပိဿာကို အများဆုံး ၂၀၀၀ ကျပ်သာစျေးရရှိနေပြီး အများဆုံးမှ ၅၀၀၀ ကျပ်လောက်အထိသာစျေးရရှိကြောင်း၊ အကောင်းဆုံးကွမ်းတွေဖြစ်တဲ့ မုံရွာ ကွမ်းနုဝါမှ တစ်ပိဿာကို ၈၀၀၀၊မန္တလေးကွမ်းနုဝါ တစ်ပိဿာ က ၇၀၀၀ ဝန်းကျင်သာရရှိနေတယ်လို့သိရပါတယ်။

ကွမ်းရွက်ခြံခူးစျေးကသာကျဆင်းနေပေမယ့် လက်ကားစျေးကွက်မှာတော့ မုံရွာကွမ်းနုဝါနဲ့မန္တလေးကွမ်းနုဝါက တစ်ပိဿာကို အများဆုံး ၁၅၀၀၀ ဝန်းကျင်ရှိပြီး နွေရာသီရောက်လို့ ကွမ်းနုဝါက အထွက်နူန်း အလွန်နည်းနေပြီဖြစ် တယ်လို့သိရပါတယ်။

ကျန်တဲ့ပန်းတနော်၊ဟင်္သါတ၊ဇလွန်၊ညောင်တုန်း၊မကွေး၊ ပဲခူးတိုင်းကထွက်ရှိတဲ့ ကွမ်းရွက်စျေးကတော့ လက်ကားစျေးကွက်မှာ တစ်ပိဿာကို ၃၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ မတိုင်ခင်က မုံရွာ ကွမ်းနုဝါ၊မန္တလေးကွမ်းနုဝါစျေးကွက်က လက်လီစျေးကွက်မှာ တစ်ပိဿာကို ၂၀၀၀၀ ကျော်အထိစျေးမြင့်တက်ခဲ့သလို ခြံခူးစျေးကလည်း ၁၀၀၀၀ ကျပ်အထက်မှာရှိခဲ့ပါတယ်။

ကျန်တဲ့ဒေသထွက်ကွမ်းရွက်တွေကလည်း ခြံခူးစျေး တစ်ပိဿာကို အနိမ့်ဆုံး ၅၀၀၀အ ထက်ရှိခဲ့ပြီး လက်ကားစျေးကွက်မှာ အမြင့်ဆုံး ၁၅၀၀၀ စျေးအထက် ရှိခဲ့ပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *