လက်ဖက်အထွက်နှုန်းကျသလို ဝယ်လိုအားလည်းကျလာ

ပြည်တွင်း လက်ဖက်အစိုစျေးကွက်မှာ အထွက်နှုန်း လျော့ပြီး  ဝဝယ်လိုအားလည်း‌ လျော့ ကျလာတာကြောင့် ယခင်ကထက် လက်ဖက်တင်ပို့ရောင်းချမှု ၇၀ ရာခိုင်နှုန်းလောက်အထိလျော့ကျလာတယ်လို့ လက်ဖက်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

လက်ဖက် ဝယ်လိုအားလျော့ကျမှုနဲ့အတူ ပြည်တွင်းသယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်ခြင်း၊အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း ၊လက်ဖက် စိုက်ပျိုးထွက်ရှိရာဒေသတွေမှာ နယ်မြေမတည်ငြိမ်ခြင်း ၊  နေရာတိုင်းကိုတင်ပို့ရောင်းချနိုင်မှုမရှိခြင်း စတဲ့  ကုန်ကျစရိတ် တွေများလာပြီး ရောင်းအားကျဆင်းလာ တာဖြစ်တယ်လို့သိရပါတယ်။

” အခု ဓာတ်ဆီစျေးကလည်းတက်တဲ့အပြင် ဝယ်ယူရတာပါခက်လာပြန်တယ်။တိုက်ပွဲတွေကဖြစ်တော့နယ်မြေမငြိမ်လို့အလုပ်သမားကလည်းရှား၊စရိတ်ကလည်းမြင့်တက်လာတယ်၊ လက်ဖက်ထွက်တဲ့ဒေသတွေက တိုက်ပွဲတွေဖြစ်နေတော့ ထွက်နှုန်းလျော့တယ်၊ လက်ဖက်နဲ့တွဲစားရတာအကုန်လုံးစျေးတက်တော့ လူတိုင်းကသိပ်မစားနိုင်ကြတော့ဘူး ” လို့ ရှမ်းပြည်နယ် လက်ဖက်အစို၊အခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိ လက်ဖက်အစိုက လက်လီစျေးကွက်မှာ လက်ဖက်အညွှန့် တစ်ပိဿာကို အနည်းဆုံး ၁၂၀၀၀  ကျပ်ရှိပြီး လက်ဖက်အသား နူးညံ့မှု  ရှိမရှိနဲ့ လက်ဖက်အညွှန့် ပေါ်လိုက်ပြီး စျေးနှုန်း က ကွာခြားမှုရှိတယ်လို့သိရပါတယ်။

အရင်က လက်ဖက်အစိုအညွှန့် တစ်ဆယ်သားထုတ်ကို ၈၀၀ ကျပ်သာရှိတာကြောင့် တစ်ဆယ်သားကို ၄၀၀ ကျပ်လောက်မြင့်တက် နေတာဖြစ်တယ်လို့သိရပါတယ်။

လက်ဖက်အစို သယ်ယူပို့ဆောင် ရေးစရိတ်ကလည်း ရှမ်းပြည်နယ်ကနေ ရန်ကုန်အထိဆိုရင် အရင်က လက်ဖက် ၂၅ ပိဿာတစ်အိတ်ကို ၃၀၀၀ ဝန်းကျင်သာရှိပေမယ့် လက်ရှိမှာ‌‌ေတာ့ လက်ဖက်အစိုတစ်အိတ်သယ်ယူပို့ဆောင်ခက ၁၀၀၀၀ ကျပ် အထက်ထိ မြင့်တက်လာတယ်လို့သိရပါတယ်။

လက်ဖက်ကို ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ရှမ်းပြည်နယ် တို့မှာ အဓိကစိုက်ပျိုးကြတာဖြစ်ပြီး အဆိုပါဒေသတွေမှာက တိုက်ပွဲတွေ ဖြစ်ပြီး နယ်မြေမတည်ငြိမ်မှုတွေကြောင့်လက်ဖက်ခူးဆွတ်နိုင်မှုနည်းတာကြောင့်အထွက်လျော့သလို အခြားဒေသတွေကိုတင်ပို့ရောင်းချနိုင်မှုလည်းလျော့ကျလာနေတာဖြစ်တယ်လို့သိရပါတယ်။

လက်ဖက်အစိုထုတ်ကုန်တွေအနေနဲ့ကတော့ ပြည်တွင်းမှာ brand  နာမည် အမျိုးပေါင်း ၆၀ လောက်ရှိပြီး အရသာအနေနဲ့ အဖက်အညွှန့်နှပ်၊လက်ဖက်ချဥ်စပ်၊လက်ဖက်ငပိထောင်း၊ဆိတ်မွှလက်ဖက်ထောင်း စတဲ့အရသာမျိုးစုံရှိနေပါတယ်။

ချစ်ခွန်းချို (AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *