ဆောင်းနှမ်းလက်ကျန်နည်းနေပြီး နွေနှမ်းစိုက်ချိန် ဖြစ်၍  နှမ်းစျေး အမြင့် စျေးဖြင့် ငြိမ်နေ

ဆောင်းနှမ်းလက်ကျန်နည်းနေပြီး နွေနှမ်းစိုက်ချိန် ဖြစ်၍  နှမ်းစျေး အမြင့် စျေးဖြင့်  ငြိမ်နေကြောင်း ကုန်စည်ဒိုင် များ ထံမှ သိရသည်။

နှမ်း လက်ကျန်နည်းနေ သော်လည်း တရုတ်ဘက်မှ အဝယ်ပုံမှန် မရှိသည့် အတွက် စျေးငြိမ်နေခြင်း ဖြစ် ကြောင်း ကုန်သည်များက ဆိုသည်။ 

အောင်လံကုန်စည်ဒိုင် ဧပြီ၉ ရက်နေ့ ဈေးကွက် ပေါက်ဈေးအရ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ်  ၃၅၀၀၀၀ကနေ ၃၈၀၀၀၀ ကြား ထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူ  မှာ ၃၅၀၀၀၀ကျပ် ၊ နှမ်းညို မှာ ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေး တွင် ငြိမ်နေကြောင်းသိရပါတယ်။ 

ထို့အပြင် မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ်  ၃၅၅၀၀၀ကနေ ၄၀၀၀၀၀ ကြား ထိ ပေါက်ဈေးရှိပြီးနှမ်းဖြူ (ဂျပန်) က  ၄၀၀၀၀၀မှ ၄၀၅၀၀၀ ကျပ် ၊နှမ်းဖြူ ခြုံကျော် ၂၉၅၀၀၀မှ ၃၉၀၀၀၀ ကျပ် အထိပေါက်စျေးရှိ ကြောင်း သိရသည်။ 

“ စျေးကွက်မှာ ဆောင်းနှမ်း လက်ကျန်နည်းနေတယ်။ အခုကနွေနှမ်းစိုက် ချိန် ပစ္စည်းကလဲ သိပ်မရှိဘူး ။တရုတ်ဝယ်လက် တစ်ခုပဲ ရှိတယ်။ဒီစျေးမှာ တက်ပြီးကတည်းက တန့် နေတာ ကြာပြီ ။ ကျလဲ နည်းနည်းပဲ ” ဟု အောင်လံမြို့မှ နှမ်းကုန်သည် တစ်ဦးကပြောသည်။

နှမ်းစျေးကွက် မှာ အရည်အသွေးရှိသည့် အက်စစ်အောင်သည့် နှမ်းများကိုသာ အဓိက ထား အရောင်းဝယ် လုပ်ကြကြောင်းသိရသည်။

လက်ရှိ နှမ်းဖြူမှာ တရုတ် ဝယ်လက်နှင့် လုပ်ငန်းရှင် များ အဝယ်နည်းနေသည့် အတွက် စျေးငြိမ်ပြီး နှမ်းနက် နှင့် နှမ်းညိုကတော့  ဆီစက် သမား များအဝယ်ရှိကြောင်းသိရသည်။

“ အခုကနှမ်းက စျေးကွက်ထဲ သိပ်မရှိတော့ဘူး။ လှောင်သမားနဲ့ လုပ်ငန်းသမား တွေ အဝယ်နည်းလို့ စျေးငြိမ် နေတယ် အက်စစ်အောင်တဲ့  နှမ်းက လဲ မရှိသလောက်ရှားသွားပြီ ဒါကြောင့်လဲ အေးနေတာ။” ဟုမန္တလေးမြို့ မှ နှမ်းကုန်သည်တစ်ဦးကပြောသည်။

ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တခုတည်းက သာ အဝယ်အနည်းငယ်ရှိ ကြောင်း သိရသည်။

ပြည်တွင်းနှမ်း များကို တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ပြီး လက်ရှိ တင်ပို့မူလျော့ကျနေကြောင်းသိရသည်။

နှမ်း တစ်တန်လျှင် FOB စျေး အရ  1650မှ1700ဒေါ်လာ ပေါက်စျေးရှိကြောင်း သိရသည်။

နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုး ကြ‌ပြီး နွေနှမ်းစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း ၃၅၀,၀၀၀ ကျပ် ကုန်ကျကြောင်း၊ ယခင်နှစ် နွေနှမ်းအထွက်နှုန်းများအနေ ဖြင့် တစ်ဧက လျှင် ၈ တင်းခန့်ထွက်ရှိကြောင်း လည်းသိရသည်။

လက်ရှိဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ဖိုးချဲ(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *