လာမယ့် သင်္ကြန် ၁၀ ရက် အတွင်း မိုးရွာနိုင်ဖွယ်ရှိပေမယ့် အပူချိန် လျော့ကျမှုမရှိ

သင်္ကြန်ကာလဖြစ်တဲ့ လာမယ့် ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ သင်္ကြန်မိုးတွေ ရွာနိုင်ခြေ ရှိပေမယ့် အပူချိန်ကလည်း မြင့်တက်မယ့် အခြေအနေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

မိုးရွာသွန်းမှုအနေနဲ့က တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ  ၃ ရက်မှ ၄ ရက်ခန့်ရွာသွန်းနိုင်ပြီး  နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တွေမှာ  ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။

အပူချိန်အနေနဲ့က နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ  ဧပြီလ ပျမ်းမျှအပူချိန်ရဲ့  ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်  ပိုနိုင်ပြီး ကချင်ပြည်နယ်မှာတော့  ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထားပါတယ်။

” နေ့အပူချိန်က မြင့်မားနေဆဲဖြစ်လို့ အပူချိန်နဲ့ငွေ့ရည်ဖွဲ့အမှတ်တို့ တူညီတိုက်ဆိုင်ပြီး ရေခိုးရေငွေ့ကနေ မိုးရေအဖြစ်ပြောင်းလဲနိုင်ချေက ညနေပိုင်းနဲ့ ညပိုင်းအပူချိန်တွေ ကျသွားချိန်၊ လေအေးစီးကြောင်းများတိုးဝင်လာချိန်ကျမှသာ ဖြစ်ပေါ်နိုင်တာကြောင့် မိုးရွာမယ်ဆိုရင် ညနေပိုင်းနဲ့ ညပိုင်း အပူချိန်လျော့ကျချိန်မှသာဖြစ်နိုင်တယ်။ ရွာရန်ရာခိုင်နှုန်းအားဖြင့်ကတော့ ၂၀% မှ ၅၅% ခန့်ရှိတယ် ” လို့ မိုးလေဝသအချက်အလက်တွေခန့်မှန်းပေးနေတဲ့ ဦးဝင်းနိုင်က ပြောပါတယ် ။

မိုးလေဝသ ဆိုင်ရာအချက်အလက်တွေခန့်မှန်းပေးနတေဲ့ စုစုစံကလည်း သင်္ကြန်ကာလ ဖြစ်တဲ့ ဧပြီ ၁၂ ရက်နေ့ကနေ စပြီး ၁၉ ရက်နေ့ အတွင်း မြန်မာနိုင်ငံ မှာ အပူချိန် လွန်ကဲ နိုင်တာကြောင့် သင်္ကြန်ကာလ အတွင်း မနက် ၁၀ နာရီ မှာ ညနေ ၅ နာရီ အတွင်း အပြင်ထွက်တာတွေကို ရှောင်ကျဉ်သင့်ကြောင်း သတိပေးပြောဆိုထားပါတယ်။

သင်္ကြန်တွင်း မှာ မိုးရွာနိုင်ခြေ ရှိပေမယ့်လည်း အယ်နီညို ကျရောက်မှုကြောင့် အပူချိန်ကတော့ လျော့နိုင်ခြင်း မရှိပဲ ပိုမို မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *