ပြည်တွင်း သရက်သီးမှည့်စျေးကွက်မှာ တစ်လုံး ၃၅၀၀ ကျပ် အထိအမြင့်စျေး ရှိနေ 

သရက်သီးစတင်ပေါ်ချိန်မှာ ပြည်တွင်းရဲ့ သရက်သီးစျေးကွက်ဟာ မြင့်နေပြီး တစ်လုံးကို အမြင့်ဆုံး ၃၅၀၀ ကျပ်အထိ စျေးပေါက်နေတယ် လို့ သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လက်ရှိမှာ သရက်သီးအမျိုးအစားတွေထဲက စိန်တလုံး ၊ မြကျောက်သရက်သီးတွေ ပြည်တွင်းစျေးကွက်ကိုစတင်ဝင်ရောက်နေပြီး တစ်လုံးကို ၁၂၀၀ မှ ၃၅၀၀ ကျပ်လောက် အထိ စျေးပေါက်နေတာဖြစ်ပါတယ်။

မနှစ်က သရက်ပေါ်ချိန်ဖြစ်တဲ့  ဧပြီလကုန်မှာ မြကျောက်သရက်သီးတစ်လုံးကို ၃၀၀ မှ ၇၀၀ ကျပ်သာရှိခဲ့ပြီး စျေးကွက်အရယှဥ်ရင် ယခုနှစ် ပြည်တွင်းသရက်သီးစျေးကွက်က တစ်လုံးကို ၂၅၀၀ လောက်အထိ မြင့်တက်နေတာဖြစ်ပါတယ်။

” သရက်သီးက ဈေးကောင်းတယ်။ သင်္ကြန်မတိုင်ခင်ကဆိုရင် ၄၀၀၀ ပေါက်ဈေးရှိတယ်၊ အခုတော့ ၃၅၀၀ လောက်ရှိတုန်းပဲ ၊ လူတိုင်းလည်း သိပ်တော့ မစားကြသေးဘူး။မနှစ်ကထက်ကိုစျေးမြင့်တယ်ပြောရမယ်။ခုနှစ်က ၄၀၀၀ အထိတောင်ရှိတယ်။အခုပြည်တွင်းမှာရောင်းနေတာတော့ အိတ်လွတ်သီးတွေများတယ်၊အိတ်လွတ်သီးကပိုချိုတယ်၊ မနှစ်က ဘယ်ရှိမလဲ တစ်လုံး ၁၅၀၀ အများဆုံးပဲ၊ အခု နှစ်စျေးကွက်တအားမြင့်နေတာ ” လို့ ပြည်မြို့ကသရက်သီးရောင်းဝယ်ရေးလုပ်ကိုင်သူ မစိုးစိုးကပြောပါတယ်။

စိန်တလုံး ၊ မြကျောက်သရက်သီးစျေးကွက် မြင့်နေတာကြောင့် သစ်သီးရောင်းဝယ်ရေးလုပ်ကိုင်သူအချို့နဲ့ သရက်ခြံပိုင်ရှင်တွေကသာ စတင်ရောင်းချမှုရှိ‌ နေပါတယ်။

အလုံးရေအပြတ် ‌‌ေသတ္တာတစ်ဖာ ဝယ်ယူပါက အသီးအရွယ်စားအကြီး အလုံး ၃၀ ကျော်ပါတစ်ဖာ ကို ၄၈၀၀၀ ကျပ်အထိရှိပြီး အရွယ်စားသေးပြီး အလုံးအရေအတွက်ပေါ်မူတည် ကာ စျေးနှုန်းအမျိုးမျိုးရှိနေတာဖြစ်ပါတယ်။

” သရက်သီးပေါ်ခါစမို့ စျေးကတအားမြောက်နေတဲ့သဘောပါ၊ သရက်သီးမှည့်လှိုင် လာရင် စျေးက ကျမှာ၊အခုချိန်ရောင်းရတဲ့ခြံတွေကတော့ ကိုက်တာပေါ့ ” လို့ သရက်ခြံပိုင်ရှင်တစ်ဦးကပြောပါတယ်။

ယခုနှစ် သရက်သီး ပြည်ပ တင်ပို့မှုကတော့  လမ်းကြောင်းအခြေအနေ အခက်အခဲ၊ကုန်ကျစရိတ်ကြီးမြင့်မှု စတဲ့အခက်အခဲ တွေကြောင့် တင်ပို့မှု နည်းနိုင်ပြီး ပြည်တွင်းစျေးကွက်မှာသာအဓိကရောင်းချရမယ့်အခြေအနေရှိပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ သရက်သီးအမှည့်စျေးကွက်က အေးနိုင်ပေမယ့် လက်ရှိမှာတော့ စျေးကွက်အမြင့်မှာပဲရှိနေတယ် လို့သိရပါတယ်။

ပြည်တွင်းမှာတော့ စိန်တလုံး၊မြကျောက် သရက်ကိုအဓိကစားသုံးကြပြီး ရင်ကွဲ၊မချစ်စု၊ပတ္တမြားငမောက်ကိုလည်းစားသုံးကြပါတယ်။

ချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *