(၂၂.၄.၂၀၂၄) မှ (၂၆.၄.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲကတော့ သင်္ကြန်ပိတ်ရက်ကာလ အပြီး ဈေးတွေ က ဆက်တက်မလာပဲကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် အရောင်းအဝယ်တွေ သွက်နေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ပဲ ဈေးက ဆက်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ရွေးကောက်ပွဲ ကာလ အတွင်း ပဲဈေးကျဆင်းအောင် နည်းအမျိုးမျိုးလုပ်ဆောင်နေတာ ဖြစ်လို့ အိန္ဒိယနိုင်ငံ မှာလည်း ပဲ ဈေးက ကျဆင်းသွားပါတယ်။

ဈေးကွက်အတွင်းမတ်ပဲ ဈေးကျဆင်းသွားပေမယ့် ပြီးခဲ့တဲ့ မတ်လ ကာလ နဲ့ ယှဉ်ရင် အတက်ဈေးမှာ ပဲ ရှိနေလို့ ကုန်သည်တွေက ဆိုပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာ မတ်ပဲ FAQ က တစ်တန်ကို ၉၂၀၀ ရူပီးရှိပြီး တစ်ပတ်အတွင်း ရူပီး ၁၀၀ ဈေးကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် ကာလ နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့တာပါ။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပိတ်ရက်မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင်တော့ တစ်တန်ကို ငွေကျပ် ၈၀၀၀၀ နီးပါးဈေး ကျဆင်းသွားပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၄၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀  ကျပ် လောက်ဈေးကျဆင်းပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၀၅  မှ ၅၂၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။

မတ်ပဲက ၄ လတာကာလအတွင်း တစ်တန်ကို ၃၅ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေကြောင့် စံချိန်တင်ဈေးရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကတော့ သင်္ကြန်ပိတ်ရက်အပြီး အမြင့်ဈေးနဲ့ ရှိနေခဲ့တာ ဖြစ်ပေမယ့် တစ်ပတ်အတွင်းမှာ တော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးကျဆင်း နေတာ ဖြစ်ပါ တယ်။

အိန္ဒိယနိုင်ငံ ရဲ့ ပဲစင်းငုံနီ လိုအပ်ချက်ကြောင့် ပဲစင်းငုံနီက မတ်ပဲလောက် ဈေးအများကြီး ကျဆင်းသွား တာမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၉၀၀ ပေါက်ဈေးရှိခဲ့ပြီး ပိတ်ရက်မတိုင်ခင် ကာလနဲ့ယှဉ်ရင် တစ်တန်ကို ၅၀ လောက်သာ ကျဆင်းသွားခဲ့ပါတယ်။

အိန္ဒိယအစိုးရကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကနေ စပြီး ပဲ လက်ကျန်စာရင်းတွေကို ပေးဖို့ ထုတ်ပြန်ခဲ့ပြီး လှောင်စာရင်းတွေကို စစ်ဆေးတာတွေကို လုပ်ဆောင်ပေမယ့် ထင်သလောက် ကျဆင်း သွား တာမျိုးမရှိတာကို တွေ့ရပါတယ်။

ပဲစင်းငုံနီကို မြန်မာအပါအဝင် အခြား အာဖရိက နိုင်ငံတို့ကပါ ဝယ်ယူနေပေမယ့် အဝင်နည်းနေသေး တယ်လို့ အိန္ဒိယကုန်သွယ်ရေးသတင်းတွေ အရ သိရပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၁၃၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပိတ်ရက်မတိုင်ခင် ကာလ နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၁၇၀၀၀ လောက်သာ ဈေးကျဆင်းသွားခဲ့ပါ တယ်။

ပဲတီစိမ်း

ပဲတီစိမ်းက ထိပ်စ ဈေးတွေ ငြိမ်နေပေမယ့် ဝါးခယ်မ ကတော့  ပိတ်ရက်အပြီးမှာ ဈေးတွေ မြင့်တက်လာပါ တယ်။ နယ်ဈေးကွက်တွေမှာလည်း အဝင်ပြန်ရှိနေခဲ့ပြီး အမြင့်ဈေးနဲ့ရှိနေပါတယ်။

ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေ စပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါ တယ်။ တရုတ်ဝယ်လက်တွေ မရှိခဲ့တဲ့အတွက် ဈေးကွက်အတွင်း ကျဆင်းနေခဲ့ပေမယ့် ပိတ်ရက် ကာလ အပြီးမှာ တေ့ာ ဈေးရလာတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်နဲ့ ငြိမ်နေပြီး ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ် ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ လည်းပဲတီစိမ်း(အညာ)က ဖေဖော်ဝါရီ  နောက်ဆုံးအပတ်ကတည်းက တစ်အိတ် ကို ၁၄၅၀၀၀ မှ ၁၈၀၀၀၀ ကြားနဲ့ ဈေးပိတ်ခဲ့တာ ဖြစ်ပြီး မတ်လ တစ်လလုံး ဈေးအဖွင့် မရှိခဲ့ပါ ဘူး။ ပိတ်ရက် အပြီး မှ သာ တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၅၀၀၀ နဲ့ ဈေးပြန်ဖွင့် ခဲ့တာ ဖြစ်ပါတယ်။

ပဲတီစိမ်း ခွဲပဲ ကတော့ တစ်အိတ်ကို ၁၂၅၀၀၀ မှ ၁၃၅၀၀၀  ပေါက်ဈေး ရှိပြီး ပိတ်ရက်မတိုင်ခင် ကာလ နဲ့ ယှဉ်ရင်တော့ တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲ ကတော့ ပိတ်ရက်အပြီး ရန်ကုန်ဈေးကွက်မှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် မန္တလေး ဈေးကွက်မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။

ပိတ်ရက် မတိုင်မီ အစ္စလာမ်ပွဲတော် ကြောင့် ဝယ်ယူမှုများပြီး ဈေးမြင့်တက် ခဲ့ပေမယ့် ပွဲတော် အပြီး ဈေးကွက်ထဲ ဝယ်ယူမှု နည်းသွားလို့ ဈေးတွေ ပြန်ကျဆင်း သွားတာ ဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် သင်္ကြန်ပိတ်ရက် ကာလ အတွင်း ငွေကြေးဈေးမြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင်စရိတ်တွေ ကာမိအောင် အမြင့်ဈေးနဲ့ ဈေးဖွင့်တာတွေကြောင့် ပဲ ဈေးက တည်ငြိမ်မှု မရှိဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၁၆၅ မှ ၄၃၃၅ ရှိပြီးပိတ်ရက် မတိုင်မီလာနဲ့ယှဉ်ရင်  တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၃၃၀   မှ ၄၅၀၀ ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးမြင့်တက်လာပါတယ်။ ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၅၆၅၀  မှ ၆၀၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၅၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၃၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈၀၀၀ကျပ်မှ ၂၃၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ ဆက်တိုက်ဈေးငြိမ်နေခဲ့ရာမှ ပိတ်ရက် အပြီးမှာတော့ ဈေးအနည်းငယ်မြင့် တက်လာခဲ့ပါတယ်။ဈေးကွက်အတွင်း အနည်းငယ် လှုပ်ခတ်မှု တွေ ရှိပေမယ့် အမှန်တကယ် တောင်သူ လက်ထဲက ပြောင်းကတော့ ဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။

လက်ရှိ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေ ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ကလည်းပြောင်းတင်သွင်းမှုကို ဧပြီလ ကုန်ထိ ပိတ်ထားခဲ့တာ ဖြစ်တဲ့အတွက် ဧပြီ အပြီး ပြန်ဖွင့်တဲ့အချိန် ပြန်တင်ပို့နိုင်မလားကိုတော့ စောင့်ကြည့်ရမယ့် အခြေ အနေ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကြားရှိပြီး တစ်လနီးပါးဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁၀၀၀  ပေါက်ဈေးရှိနေပြီး ပိတ်ရက်မတိုင်မီ ကာလ နဲ့ ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀ ကျပ်လောက်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ငွေကျပ် ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ နယ်ပေါင်းစုံကနေ အဝင်များနေပေမယ့် ပိတ်ရက်အပြီး မှာတော့ အမြင့်ဈေး နဲ့ ရှိနေခဲ့ပါတယ်။ အရည်အသွေးပေါ် မူတည်ပြီး အတက်အကျ ရှိနေပေမယ့် ဈေးကွက်ထဲ ဈေးကောင်းတဲ့ ဆိပ်ဖြူဈေးကတော့ ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကို အဝင်ကလည်း ပိဿာချိန် ၂ သိန်း ပတ်ချာလည်း အဝင်ရှိနေတာ ဖြစ်ပြီး ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကလည်းသွက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ပိတ်ရက်အပြီး အမြင့်ဈေး နဲ့ရှိနေပါတယ်။ဈေးကွက်ထဲ အဝင်ကတော့ ပုံမှန် ထက် ၃ ဆနီးပါး အဝင်ရှိပေမယ့် ပိတ်ရက် အပြီး လက်လီလက်ကား ဝယ်ယူတာတွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ်သွက်ဈေးကောင်းရရှိနေတာလို့လည်း သိရပါတယ်။ ယခု ရက်ပိုင်း ဘုရင့်နောင်ဈေးကွက်ထဲကို ကြက်သွန်ဖြူ ပိဿာချိန် ၅ သောင်းနီးပါးခန့် အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၆၅၀၀ မှ ၈၀၀၀ ကြားရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာ ကို ၁၂၅၀၀ မှ ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ငရုတ်

ငရုတ်ကလည်း လက်ရှိ ပြည်တွင်းဝယ်ယူမှုလောက်သာ ရှိတဲ့အတွက် အကျဈေးနဲ့ ငြိမ်နေပါတယ်။ အချို့ ငရုတ်တွေကတော့ ဈေးကွက်ထဲ အရောင်းအဝယ်မသွက်တဲ့အတွက် ဈေးကျဆင်းတာ တွေလည်း ရှိပါတယ်။ ပုံမှန် ထိုင်းနိုင်ငံဘက်ကို တင်ပို့မှု ရှိပေမယ့် လက်ရှိမှာ‌တော့ပြည်တွင်း မှာ အဝင် များနေတာ အပြင် ပြည်ပတင်ပို့နိုင်မှုလည်း မရှိတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ‌ဈေးကျဆင်းပြီး ငရုတ် ပန်းရဲ ကတော့ ၄၅၀၀ မှ ၄၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ ပွဲတော် မတိုင်မီအချိန်ကတည်းက အတက်ဈေးနဲ့ ရှိနေခဲ့တာ ဖြစ်ပြီး ပွဲတော်အပြီး မှာလည်း ဈေးက ထပ်မံ မြင့်တက်လာပါတယ်။ဈေးကွက်ထဲ အဝင်နည်းနေသေးတာ ဖြစ်တဲ့အတွက် ဈေးမြင့်တက်နေတာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထန်းလျက်(တောင်သူ/မလိုင်ဒုံး) တစ်ပိဿာကို ၄၃၀၀ မှ ၄၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်၊ညောင်ဦး‌ဆေးရှယ်ကတော့ တစ်ပိဿာကို ၃၈၀ မှ ၅၀၀၀ ရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်၊ရေစကြိုထန်းလျက်ကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ထပ်မံ ဈေးမြင့်တက်လာပါတယ်။

သကြား

သကြားဈေးကတော့ ဈေးကွက်ထဲ မြင့်တက်နေပါတယ်။ပွဲတော်ကာလ ပြည်တွင်းဝယ်ယူစားသုံးမှု အပြင် ပြည်ပ တင်ပို့နေတာကြောင့်လည်း ဈေးမြင့်တက်နေတာလို့သိရပါတယ်။လက်ရှိ ပြည်တွင်းမှာသကြားဈေးမြင့်တက်နေပေမယ့် ကမ္ဘာ့သကြားပေါက်ဈေးက ကျဆင်းနေပါတယ်။ ငွေကြေးဖောင်းပွ မှုကြောင့်သာ ဈေးမြင့်တက်နေတာ ဖြစ်လို့ အမြတ်ရရှိမှုကတော့ မရှိဘူးလို့ ကုန်သည် အချို့က ပြောပါတယ်။

လက်ရှိရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သကြား တစ်ပိဿာကို ၄၆၀၀ ပေါက်ဈေးရှိနေပြီး ပိတ်ရက် မတိုင်မီ ကာလ နဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၅၀ လောက်ဈေးမြင့်တက်လာပါတယ်။

အာလူး

အာလူးကတော့ ဈေးကွက်ထဲ အဝင်နည်းလို့ ဈေးမြင့်တက်ခဲ့ပေမယ့် ပွဲတော်ကာလအပြီး ဈေးကွက် ထဲ ပုံမှန် အဝင်ရှိလာပြီ ဖြစ်လို့ ဈေးပြန်ကျဆင်းသွားပါတယ်။ပြည်တွင်း ဝယ်ယူစားသုံးမှုကတော့ ပုံမှန် အတိုင်း ရှိနေပြီး အရောင်းအဝယ်ကလည်း ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၁၅၀၀ မှ ၂၀၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မေမီမောင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *