အားလူးဈေးထိုး ကျလို့ ၀ယ်ယူမှု ရပ်နားထားရ

ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာ အာလူးဈေးတွေ ထိုးကျလို့ ကုန်စိမ်းပွဲရုံအချို့က အာလူး ဝယ်ယူမှုရပ်နားတာ‌‌ တွေရှိလာတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ကုန်စိမ်းစျေးကွက်မှာ အာလူးစျေးနှုန်းကျဆင်းနေတဲ့အပြင် အရောင်းအဝယ်လည်း လျော့ကျလာတယ်လို့သိရပါတယ်။

လက်ရှိ အောင်ပန်းကုန်စည်စျေးကွက်မှာ အာလူး မားကစ် အကြော်သီးမှ တစ်ပိဿာကို ၁၈၀၀ မှ ၁၉၀၀ ကျပ်ဝန်းကျင်သာရှိပြီး အနိမ့်ဆုံး တစ်ပိဿာကို ၇၀၀ မှ ၈၀၀ ကျပ်အထိရှိနေတယ်လို့သိရပါတယ်။

” အာလူးကအခုဆို နေရာတိုင်းကိုပို့လို့မရတော့ဘူး၊လမ်းကြောင်းတွေမရှိတော့ဘူး၊အခုကနေရာလေးသုံးနေရာလောက်ပဲပို့လို့ရတော့တယ်။အာလူးကိုဝယ်လိုအားကထိုးကျလာတယ်။အာလူးစျေးကျပြီး အရောင်းအဝယ်ကလည်းမရှိတော့ပွဲရုံတွေလည်း အာလူးအဝယ်နားလာကြတဲ့သဘောရှိတယ်။တောင်သူပဲထိတာပေါ့ ” လို့ အောင်ပန်းမြို့ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိကာလက အာလူးဖော်တဲ့ရာသီဖြစ်တာကြောင့် တောင်သူအများစုက အာလူးတူးဖော်ကြတာကြောင့်လည်း အာလူးတွေ အဝင်များပြီး ရောင်းလိုအားများပေမယ့် ဝယ်လိုအားမရှိသလောက်ဖြစ်နေတဲ့အတွက် စျေးကျပြီး တောင်သူတွေဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

အာလူးက ရာသီအလိုက်တူးဖော်ရတာဖြစ်လို့ စျေးကျချိန်မတူးဘဲထားပါကလည်း ပိုးဝင်ပြီးအသီးပျက်စီးတာဖြစ်နိုင်သလို အာလူးတူးဖော်ပြီး ရောင်းချရခြင်းမရှိဘဲ လှောင်ထားရပါကလည်း အာလူးပုတ်ခြင်း၊အလေးချိန်လျော့ခြင်းစတဲ့ ပြဿနာတွေရှိတာကြောင့် တောင်သူတွေအဆင်မပြေဖြစ်နေကြရတယ်လို့ အာလူးစိုက်တောင်သူတွေဆီကနေ သိရပါတယ်။

လက်ရှိမှာအာလူးကို ရှမ်းပြည်နယ်ကနေ အဝေးတင်ပို့ရောင်းချမှုက ရန်ကုန်၊မော်လမြိုင်၊မန္တလေးကိုသာအဓိကတင်ပို့ရောင်းချနေရပြီး ကျန်တဲ့‌ေဒသတွေကို တော့ တင်ပို့ရောင်းချရမှုမရှိသလောက်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

“ပိတ်ရက်မတိုင်ခင်က ကြို၀ယ်ထားကြတော့ ဝယ်ယူတာတွေလည်း လျော့တယ်။ကြာကြာလည်း အထားမခံတော့ ဈေးချရောင်းရတာတွေလည်း ရှိတယ်’ လို့ ရန်ကုန်ဈေးကွက်မှ အာလူးဒိုင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၁၄၀၀ ကနေ ၁၈၀၀ ရှိပြီး တစ်ပိဿာ ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြင်ပ လက်လီစျေးကွက်မှာတော့ အာလူး အသေးအကြီးရော တစ်ပိဿာကို ယခင် ၄၀၀၀ ကျပ် ရှိရမှာ ယခု တစ်ပိဿာကို ၂၅၀၀ ကနေ ၃၀၀၀ ကြားသာ ပေါက်ဈေးရှိနေပြီး နေရာအလိုက် ဈေးကွာခြားမှု ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ် မှာအဓိကစိုက်ပျိုးပြီး ရခိုင်ပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်းတို့မှာ လည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *